|
အစိုးရပိုင်အဆောက်အဦများ
လေလံတင်ရောင်းချရန် ကော်မတီဖွဲ့
ဉာဏ်မောင်။
ဇွန် ၅၊ ၂၀၀၇
စစ်အစိုးရက
မြို့တော်သစ်ပြောင်းရွှေ့ပြီးနောက် ရန်ကုန်ရှိ
အစိုးရပိုင်အဆောက်အအုံများကို လေလံတင်ရောင်းချရန် ကော်မတီတရပ်
ဖွဲ့စည်းလိုက်သည်။
၂၀၀၆
ခုနှစ်နောက်ပိုင်း ကျန်ရှိနေသော အစိုးရ ၀န်ထမ်းလိုင်းခန်းများနှင့်
အဆောက်အဦများကို မြေပိုင်ရှင်များကို ဦးစားပေးလွှဲပြောင်းပေးပြီးနောက်
ယခုကဲ့သို့ ကော်မတီ ထပ်မံဖွဲ့စည်းလိုက် ခြင်းဖြစ်သည်။
အမျိုးသားစီးပွားရေးစီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာ
ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဆိုပါ ကော်မတီတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ဘဏ္ဍာနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးဝန်ကြီးဌာနတို့ ပါဝင်သည်။
ယခု
အဆောက်အဦများ လေလံတင်ရောင်းချမှုတွင် အစိုးရကြီးကြပ်မှုအောက်ရှိ
အိုးအိမ် စီမံကိန်းပိုင် အချို့သော အဆောက်အဦများကိုမူ
ဆက်လက်ထားရှိမည်ဟု ဆိုသည်။
စစ်အစိုးရက
ရန်ကုန်မြို့အား စီးပွားရေးမြို့တော်အဖြစ် သတ်မှတ်၍ နေပြည်တော်သို့
ပြောင်းရွှေ့သည့်စီမံကိန်းအဆိုပြုချက်ကို မလေးရှားနိုင်ငံမှ Malaysia
Industry Government Group for High Technology (MIGHT)၊ Institute of
Sultan Iskandar of Urban Habitat and Highrise (ISI) of Malaysia
နှင့် ရန်ကုန်မြို့တော်စည်ပင် (YCDC) တို့သည် နှစ်ဖက်ကြား
သဘောတူညီမှုစာချွန်လွှာကို ၂၀၀၂ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ကြပြီး
အဆိုပါ စီမံကိန်းသည် ၂၀၀၇ မှ ၂၀၂၀ ခုနှစ်အထိဖြစ်သည်ဟုဆိုသည်။
အဆိုပါနှစ်ရှည်စီမံကိန်းတွင် အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊
ကားဂိတ်ရပ်နား စခန်းများ၊ လျှပ်စစ်နှင့် ရေးပေးဝေရေးစီမံကိန်းများ၊
ကျန်းမာရေးဌာနများ၊ ပင်လယ်ဆိပ်ကမ်းနှင့် ခရီးသွားလာရေးလုပ်ငန်းနှင့်
ပတ်သက်သည့် မြို့ပြစီမံကိန်းများ ပါဝင်သည်။
ရန်ကုန်မြို့မြောက်ဘက် ကီလိုမီတာ (၃၉၀) ကျော် ကွာဝေးသည့်
ပျဉ်မနားမြို့နယ်၊ ကြပ်ပြေး နေပြည်တော်သို့ စစ်အစိုးရရုံးများ
ပြောင်းရွှေ့ခြင်းကို သိုသိပ်စွာ စီစဉ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတကာက
တအံ့တသြဖြစ်ခဲ့ရပြီးနောက် စစ်အစိုးရက စစ်တပ်ပိုင်လုပ်ငန်း၊ အဆောက်အဦ၊
ဌာနချုပ်များကို အဆိုပါဒေသသို့ ပြောင်းရွှေ့ကာ
တိုက်ရိုက်အုပ်ချုပ်ရေးလုပ်ငန်းများ စတင်နေ ပြီဖြစ်သည်။
လက်ရှိတွင်
မြို့တော်သစ် နေပြည်တော်သည် ခရီးသွားလာရာတွင်ခက်ခဲမှု၊ သောက်သုံးရေ
ရှားပါးမှု၊ ကုန်ပစ္စည်းတင်ပို့ရောင်းချရာတွင်
နှောင့်နှေးကြံ့ကြာမှုများကို ကြုံတွေ့နေရပြီး ယခင် ရန်ကုန်မြို့ရှိ
အစိုးရ၀န်ထမ်းအများစုမှာ အဆိုပါနေရာသို့
ပြောင်းရွှေ့နေထိုင်ရန်မလိုလားကြပေ။ |