|
Globel Fund အကူအညီ
ပြန်လည်ရရှိမည်ဟုဆို
ဉာဏ်မောင်။
ဇွန် ၁၂၊ ၂၀၀၇

စစ်အစိုးရအာဏာပိုင်များ၏ ၀င်ရောက်နှောင့်ယှက် ဟန့်တားပိတ်ပင်မှု
များကြောင့် နိုင်ငံမှ ပြန်လည်ရုတ်သိမ်းခဲ့သည့် ရောဂါသုံးမျိုး
တိုက်ဖျက်ရေးအစီအစဉ်(Globle Fund) အဖွဲ့၏ အကူအညီကို မြန်မာ နိုင်ငံ
ပြန်လည်ရရှိမည်ဟုဆိုသည်။
HIV ၊
အဆုတ်ရောဂါနှင့် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် အကူအညီပေးနေရာမှ ၂
နှစ်ကြာ ရပ်တန့်ထားခဲ့သည့် အဆိုပါအဖွဲ့ကြီး၏ အကူအညီကို
ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂကျန်းမာရေးဌာန အရာရှိတဦး၏
ပြောဆိုချက်ကို ကိုးကားကာ ပြည်တွင်းသတင်းတခုက ဆိုသည်။
မကြာမီက
ကျင်းပခဲ့သည့် ကမ္ဘာ့ကျန်းမာရေးညီလာခံသို့ စစ်အစိုးရ ကျန်းမာရေးဝန်ကြီး
တက်ရောက်ခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၊ အဆုတ်ရောဂါကာကွယ်ရေး
ညွှန်ကြားရေး မှူးနှင့် ကုသမဂ္ဂအကူအညီပေးရေးအဖွဲ့(UNAID)
ညွှန်ကြားရေးမှူးများနှင့် တွေ့ဆုံခဲ့ပြီးနောက် အဆိုပါအကူအညီ
ပြန်လည်ရရှိနိုင်ဖွယ်သတင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရအာဏာပိုင်များ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှု၊
ဟန့်တားနှောင့်ယှက်မှုများကြောင့် ၂၀၀၅ ခုနှစ်၊ သြဂုတ်လအတွင်းက
၎င်းတို့၏ အကူအညီပေးနေမှုများကို ရပ်ဆိုင်းကာ (Globle Fund) အဖွဲ့
နိုင်ငံတွင်းမှ ထွက်ခွာသွားပြီးနောက် ရောဂါသုံးမျိုးတိုက်ဖျက်ရေးအတွက်
ဥရောပသမဂ္ဂ (EU)၊ ဆွီဒင်မှ ဆီဒါအဖွဲ့၊ နယ်သာလန်၊ ဗြိတိန်နိုင်ငံ
နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၊ နော်ဝေးနှင့် သြစတျေးလျနိုင်ငံတို့မှ
အဖွဲ့ (၆)ဖွဲ့၏ အကူအညီကို စစ်အစိုးရက ရရှိခဲ့သည်။
မကြာသေးမီက
ပြုလုပ်ခဲ့သည့် (WHO) နှင့် (UNAID) တို့ ပူးပေါင်းစီစဉ်သည့်
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ HIV/AIDS ဝေဒနာရှင်
(၃၃၈,၉၁၁)ဦးခန့်ရှိပြီး ၂၀၀၀ ခုနှစ်တွင် ၁.၅ ရာနှုန်းနှင့် ၂၀၀၅
ခုနှစ်တွင် ၁.၃ ရာနှုန်း လျှော့ချနိုင်ခဲ့သည်ဟုဆိုသည်။ နိုင်ငံတွင်း
နှစ်စဉ် အဆုတ် ရောဂါသည် (၁၀၀,၀၀၀) ခန့် တိုးပွားနေပြီး ထက်ဝက်မှာ
ကူးစက်မှုကြောင့် ဖြစ်သည်ဟု စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
အဆိုပါဌာနက
တီဘီရောဂါသည် ၉၅% ကို ရှာဖွေဖော်ထုတ်ခဲ့ပြီး ၈၄% ကို အောင်မြင်စွာ ကုသ
နိုင်ကြောင်း ဖော်ပြပြီး ငှက်ဖျားရောဂါဖြစ်ပွားမှုနှင့်
အသေအပျောက်နှုန်းကို ၁၉၈၈-၈၉ ခုနှစ်တွင် လူဦးရေ (၁,၀၀၀) လျှင် (၂၄.၅)
မှ (၉.၃) အထိ၊ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် (၁၀.၄) မှ (၃.၁) သို့
လျှော့ချနိုင်ခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံတွင်း AIDS၊ တီဘီနှင့်
ငှက်ဖျားရောဂါ (၃) မျိုးမှာ တနိုင်ငံလုံးပြန့်နှံ့လျှက်ရှိပြီး အဆိုပါ
ပြဿနာမှာ စီးပွားရေးကြပ်တည်းမှုကြောင့် အလုပ်အကိုင်သစ်များရှာဖွေရာမှ
ဒေသတွင်းနိုင်ငံ များအထိ စိုးရိမ်ဖွယ် ပြန့်နှံ့လာလျှက်ရှိရာ
နိုင်ငံတွင်းတွင်လည်း ဝေဒနာသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့်
ဆေးဝါးပြတ်လပ်မှုပြဿနာများ ရင်ဆိုင်ကြုံတွေ့နေရသည်။ |