|
နိုင်ငံတကာမှ ပိုမိုဖိအားပေးရန်
အေအေပီပီတောင်းဆို
ရိုးမ ၃။
ဇွန် ၂၊ ၂၀၀၇

ဒီမိုကရေစီရေးလှုပ်ရှားသူများကို ပြင်းထန်စွာ ဖမ်းဆီးနေခြင်းသည်
နိုင်ငံတကာမှ စိုးရိမ်ချက်များကို စိန်ခေါ်လိုက်ခြင်းဖြစ်သဖြင့် ကုလသမဂ္ဂ
အပါအ၀င် နိုင်ငံတကာအစိုးရများက စစ်အစိုးရအား ပိုမိုဖိအားပေး
လုပ်ဆောင်ရန် နိုင်ငံရေးအကျဉ်းသားများ
ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ) (AAPP) က
တိုက်တွန်းလိုက်သည်။
ပြီးခဲ့သည့်မေလ တလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများ၊ လူ့အခွင့်
အရေးလုပ်ငန်း လုပ်ဆောင်သူများကို စစ်အစိုးရက ဥပဒေမဲ့
ဖမ်းဆီးထိန်းသိမ်းထားသည့် လူဦးရေ (၉၉)ဦးစာရင်းကို ထုတ်ပြန်ကာ (AAPP)
က ယခုကဲ့သို့ နိုင်ငံတကာကို တိုက်တွန်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။
စစ်အစိုးရက
ဖမ်းဆီးထိန်းသိမ်းခဲ့သူ (၉၉)ဦးတွင် (၃)ဦးမှာ ထောင်ကျခံနေရပြီး
ပြန်လွတ်လာသူ (၂၄)ဦးရှိကာ ကျန်ရှိသူ (၇၂)ဦးတွင် အများစုမှာ
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေးအတွက်
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရက
ပြီးခဲ့သည့်မေလအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ
လွတ်မြောက်ရေးအတွက် လှုပ်ရှားသူ (NLD)ပါတီဝင်၊
အဓမ္မလုပ်အားပေးခိုင်းစေခြင်းကို ဆန့်ကျင်ခဲ့ရာတွင် ထင်ရှားသည့်
ထန်းမနိုင်ရွာသူ မစုစုနွေးအပါအ၀င် ပါတီဝင် (၃၀)ခန့်ကို အကြမ်းဖက်
ထိန်းသိမ်းခဲ့သည်။
(AAPP) ၏
ထုတ်ပြန်ချက်တွင် စစ်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
လှုပ်ရှားသူ များကို လူမြင်ကွင်း လမ်းမများပေါ်တွင် ရိုက်နှက်ခြင်း၊
ခြိမ်းခြောက်ဖမ်းဆီးခြင်းကို လက်ရှိ အခြေအနေတွင် ပိုမိုပြုလုပ်လာသည်ဟု
ဆိုသည်။
ပြီးခဲ့သည့်မေလအတွင်း ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှ
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား ပြန်လွှတ်ပေးရန်
တောင်းဆိုမှုများကို စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏
နေအိမ်အကျယ်ချုပ်သက်တမ်းကို တနှစ်ထပ်မံတိုးမြှင့်ခြင်းဖြင့် တုံ့ပြန်
လိုက်သည်။
“နိုင်ငံတကာ
ဖိအားပေးမှုအမျိုးမျိုး ရှိပါလိမ့်မယ်၊ ဥပမာ- လူ့အခွင့်အရေးတွေကို
ပြင်းပြင်း ထန်ထန် ချိုးဖောက်နေတဲ့အတွက် လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်တဲ့
နိုင်ငံတကာ အစည်းအဝေးတွေမှာ စစ်အစိုးရကို မတက်ခိုင်းတာမျိုး
အိုင်အယ်အိုက လုပ်တဲ့ပုံစံ ရှိပါတယ်။ (၆)လအတွင်း အဓမ္မခိုင်းစေမှု
ပြောင်းလဲဖို့ လုပ်ဆောင်တဲ့အခြေအနေတွေ တိုးတက်မလာရင် အရေးယူမယ်ဆိုပြီး
စစ်အစိုးရကို ဖိအားပေးတာမျိုး၊ နိုင်ငံတကာ အစည်းအဝေးတွေမှာ ဒီ
စစ်အစိုးရကို ဖယ်ကြဉ်ထားတာမျိုး၊ စီးပွားရေးပိတ်ဆို့မှုတွေကို
ပိုမိုလုပ်ဆောင်ဖို့ ပူးပေါင်း လုပ်ဆောင်ကြမယ်ဆိုရင် စစ်အစိုးရက
အပြောင်းအလဲ လုပ်လာနိုင်ပါတယ်” ဟု (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က
ဆိုသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူများကို
အမြင့်မားဆုံးပြစ်ဒဏ်များ ချမှတ်၍ ထောင်ချ ထားသော်လည်း
နိုင်ငံရေးအကျဉ်းသားဟူ၍ နိုင်ငံအတွင်းတွင်မရှိဘဲ တည်ဆဲဥပဒေကို
ချိုးဖောက်၍ ပြစ်ဒဏ်ကျခံနေရသူများဖြစ်သည်ဟု မကြာခဏ ပြောဆိုလေ့ရှိပြီး
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)ကိုလည်း အကျဉ်းထောင်များအခြေအနေကို
သွားရောက်ကြည့်ရှု စစ်ဆေးခွင့်များကို ပိတ်ပင်ခဲ့သည်။
ယခုလက်ရှိစာရင်းများအရ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း
နိုင်ငံရေးအကျဉ်းသား(၁,၂၁၁)ယောက်ရှိပြီး နိုင်ငံတကာက
အကျဉ်းထောင်များသို့ ၀င်ရောက်ခွင့်မရှိတော့သည့် နောက်ပိုင်း
ထောင်အာဏာပိုင်များ၏ လာဘ်ပေးလာဘ်ယူမှုများ ပိုမိုများပြားလာသဖြင့်
အကျဉ်းသားများ၏ ကျန်းမာရေးအတွက် အထူးစိုးရိမ်စရာဖြစ်လာသည်ဟု
ကိုတိတ်နိုင်က ဆိုသည်။ |