Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆင်းရဲမွဲတေမှုနှင့် ရောဂါဆိုးအန္တရာယ်များ ရင်ဆိုင်နေရကြောင်း ကုလဌာနကပြောဆို

ဉာဏ်မောင်။ ဇွန် ၂၁၊ ၂၀၀၇

စစ်တပ်အုပ်ချုပ်သည့် မြန်မာနိုင်ငံတွင် ပြည်သူအများစုမှာ ဆင်းရဲမွဲတေမှုနှင့်အတူ ရောဂါဆိုး များနှင့် ပိုမိုရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂလက်အောက်ခံ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (UNDP) က ပြောဆိုလိုက်သည်။ 

မြန်မာနိုင်ငံဆိုင်ရာ UNDP ဌာနကိုယ်စားလှယ် ချာလီပက်ထရစ် (Charles Petrie) က အမေရိ ကန်နိုင်ငံ၊ နယူးယောက်မြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံတွင်း AIDS၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါ ကုသမှုလုပ်ငန်းများ ကိုင်တွယ်ဖြေရှင်းရန် အတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပဋိပက္ခများအား ကုလသမဂ္ဂ UNDP ဌာနကိုယ်စားလှယ်က သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ 

“အခြေခံအားဖြင့် အချို့ဒေသများမှာ HIV/AIDS၊ ငှက်ဖျားရောဂါနှင့် တီဘီရောဂါ စသည့် အဓိက ရောဂါကြီး (၃)မျိုးကို အချိန်မှီ ကုသဆောင်ရွက်ဖို့လိုပါတယ်။ ဒီ အလွန်စိုးရိမ်ထိတ်လန့်ဖွယ် ကောင်းတဲ့ ရောဂါကြီး(၃)မျိုးရဲ့ တဖြည်းဖြည်းချင်း ပြောင်းလဲမှုကို ကျွန်တော်တို့ စောင့်ကြည့်နေ ရပါတယ်။ သူတို့ရဲ့မိသားစုဘဝ စားဝတ်နေရေးများ လှုပ်ရှားရုန်းကန်နေရတဲ့အတွက် ပျံ့ပွားမှု ရာခိုင်နှုံးကို ထိန်းထားဖို့ကို အလွန်ခက်ခဲပါတယ်”ဟု မစ္စတာ ချာလီပက်ထရစ်က ဆိုသည်။ 

UNDP သည် မြို့နယ် (၂၄)မြို့နယ်တွင် ဝန်ထမ်း (၁၅၀၀)ကျော်နှင့် အဆိုပါ ရောဂါသုံးမျိုး တိုက်ဖျက်ရေးအတွက် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ မြို့နယ် (၅၇)မြို့နယ်ထိ တိုးချဲ့ ဆောင်ရွက်ခဲ့သည်။ အောက်ခြေလူတန်းစားများကို HIV/AIDS ရောဂါ၊ ပတ်ဝန်းကျင်သန့်ရှင်း ရေး၊ အခြေခံကျန်းမာရေး ကုသကာကွယ်မှုကိစ္စများအတွက် သင်တန်းပေးခြင်း၊ ပညာပေး ဟောပြောခြင်း၊ အစားအစာထောက်ပံ့ခြင်းတို့ ဆောင်ရွက်နေသော ဒေသများတွင် UNDP  ကိုယ်စားလှယ်များသည် စစ်အစိုးရအာဏာပိုင်များ၏ ကန့်သတ်ဟန့်တားခြင်းကို ခံနေရသည်။ 

“ပြည်တွင်းမှာလဲ အပြောင်းအရွှေ့တွေများပြားနေပြီး သည်လူမှုအသိုင်းအဝိုင်းရဲ့ တစိတ်တပိုင်း (သို့မဟုတ်) မိသားစုတွေမှာတောင်မှ ကျွန်တော်တို့ဟာ စောင့်ကြည့်နေကြရပါတယ်။ သည်အတွက်လဲ ကျွန်တော်တို့တွေဟာ အချိန်ပိုတွေ လုပ်နေကြရပါတယ်။ သည်ရောဂါ (၃)မျိုး ကို ထိထိရောက်ရောက် ကုသဆောင်ရွက်မပေးနိုင်ဘူးဆိုရင် ပိုပြီး ဆင်းရဲဒုက္ခများရောက်စေပြီး သူတို့တွေရဲ့ဘဝကို အလွန်ဆိုးဝါးသော လူသားချင်းစာနာထောက်ထားမှု ပြဿနာဖြစ်မဲ့ အခြေအနေဆီသို့ တွန်းပို့လိုက်သလိုဖြစ်သွားပါလိမ့်မယ်”ဟု ပက်ထရစ်က ဆိုသည်။ 

ယခင်က စစ်အစိုးရ၏ ကန့်သတ်ပိတ်ပင်မှုများကြောင့် ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် ဂလိုဘယ်ဖန် (Globle Fund) အဖွဲ့ကြီးက ၂၀၀၅ ခုနှစ်၊ သြဂုတ်လအတွင်း က မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

စစ်အစိုးရက ဟန့်တာနှောင့်ယှက်မှုများကြောင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများမှာ မြန်မာနိုင်ငံမှ ထွက်ခွာသွားမှုများ ဖြစ်ပေါ်နေခြင်းနှင့်အတူ စီးပွားရေး အခြေအနေကြောင့် နိုင်ငံတွင်းမှ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်ကိုင်မှုများကြောင့် အဆိုပါရောဂါ ဆိုးများကို ဒေသတွင်းနိုင်ငံများတွင်လည်း စိုးရိမ်ဖွယ် ထိခိုက်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org