|
စစ်အစိုးရက
ညောင်နှစ်ပင်ညီလာခံပြန်လည်စတင်ရန် ရက်သတ်မှတ်
နောက်ဆုံးကျင်းပခြင်းဖြစ်သည်ဟုဆို
ဗထူး။ ဇွန်
၆၊ ၂၀၀၇

ယာယီရပ်ဆိုင်းထားသော အမျိုးသာညီလာခံကို ညောင်နှစ်ပင်၌ ရှေ့လ (၁၈)
ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ယခုပြန်လည်ကျင်းပခြင်းသည်
နောက်ဆုံးအကြိမ်ဖြစ်သည်ဟု စစ်အစိုးရက ယမန်နေ့က ပြောဆိုလိုက်သည်။
ယမန်နေ့က
နေပြည်တော်တွင်ပြုလုပ်သော အမျိုးသားညီလာခံ ကျင်းပရေးကော်မရှင်၏ အမှတ်
စဉ် (၂/၂၀၀၇) အစည်းအဝေးတွင် စစ်အစိုးရအဖွဲ့ အတွင်းရေးမှူး(၁)
ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့်အခန်း (၁၅)ခန်းအနက်
ကျန်ရှိနေသည့် အခန်း (၇)ခန်းအတွက် ယခုအခါ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၏
တင်ပြချက်များကို ညီလာခံ ကိုယ်စားလှယ်များသို့ အကြံပြုတင်ပြ၍
အတည်ပြုချက်ရယူရန် အသင့်ဖြစ်နေပြီး နောက်ဆုံး အကြိမ် ကျင်းပသည့်
ညီလာခံဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်၏ ပြောဆိုချက်ကို
ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာတွင် ဖော်ပြထားသည်။
၁၉၉၃
ခုနှစ်မှ စတင်ကျင်းပခဲ့သည့် အမျိုးသားညီလာခံသည် ၁၉၉၆ ခုနှစ်တွင်
ရွေးကောက်ပွဲ အနိုင်ရ (NLD)ပါတီနှင့် တိုင်းရင်းသားပါတီများ
မတက်ရောက်တော့သဖြင့် ရပ်ဆိုင်းထားခဲ့ရာ ၂၀၀၄ ခုနှစ်တွင် စစ်အစိုးရက
နိုင်ငံတော်ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇)ရပ်ကို ချမှတ်၍ ယင်းနှစ်
မေလတွင် ပြန်လည်စတင်ခဲ့ကာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလအထိ (၄)ကြိမ်တိုင်တိုင်
ကျင်းပခဲ့ပြီး ယခု ပဉ္စမအကြိမ် ပြန်လည်စတင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရက
၂၀၀၄ ခုနှစ်တွင် ညီလာခံပြန်လည်ကျင်းပရန် ပြင်ဆင်နေချိန်တွင်
ရွေးကောက်ပွဲ အနိုင်ရ (NLD)ပါတီနှင့် တိုင်းရင်းသားပါတီတို့၏
တင်ပြတောင်းဆိုချက်များကို ပယ်ချခဲ့ပြီး ညီလာခံကို ဆက်လက်ကျင်းပခဲ့ရာ
၎င်းတို့နှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၃)ဖွဲ့၏
ပြည်ထောင်စုဆိုင်ရာနှင့် တိုင်းရင်းသားများ၏ တန်းတူရေးဆိုင်ရာ
တင်ပြချက်များကိုလည်း ပယ်ချခဲ့သည်။
စစ်အစိုးရချမှတ်ထားသော အဆင့် (၇)ဆင့်တွင်
အမျိုးသာညီလာခံကျင်းပပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်
အတည်ပြုရေးအတွက် လူထုဆန္ဒခံယူပွဲကို ဆက်လက်ပြုလုပ်ကာ
ရွေးကောက်ပွဲသစ်ကျင်းပမည့် အစီအစဉ်များလည်း ပါဝင်သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း နှစ် (၂၀)
အတွင်း လူဦးရေစစ်တမ်းကောက်ယူမည့် အစီအစဉ်ကို စစ်အစိုးရက
ဖော်ပြခဲ့ပြီး အမျိုးသားညီလာခံမှ ထွက်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံ
ဥပဒေသစ်အား အတည်ပြုရန် လူထုဆန္ဒခံယူပွဲအတွက် ပြင်ဆင်ခြင်းဟုဆိုသည်။
|