|
ကြက်ငှက်တုပ်ကွေးပြန့်နှံ့နေသေးကြောင်း ထုတ်ပြန်
ရိုးမ ၃။
ဇွန် ၁၅၊ ၂၀၀၇
မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ
အကြွင်းအကျန်များပြန့်နှံ့နေသေးကြောင်း စစ်အစိုးရ မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။
ယခုနှစ်
ဖေဖော်ဝါရီလကုန်ပိုင်းက ဖြစ်ပေါ်ခဲ့သော ကြက်ငှက်တုပ်ကွေးရောဂါအား
နှိမ်နင်းခဲ့ကာ ဧပြီလအတွင်းက ရောဂါကင်းရှင်းကြောင်း
ထုတ်ပြန်ခဲ့ပြီးနောက် ယခုသတိပေးချက် ထွက်ပေါ် လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရှိ မွေးမြူရေးခြံတခုမှ ကြက်များသေဆုံးမှုကြောင့်
(H5N1) ဗိုင်းရပ်ပိုး မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ပြီးနောက်
ယခုနှစ်ဆန်းပိုင်းက စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှ နိုင်ငံတွင်း
ကြက်ကောင်ရေ မြောက်များစွာကို သုတ်သင်ရှင်းလင်းခဲ့သည်။
ယခုထုတ်ပြန်သည့် သတိပေးနှိုးဆော်ချက်တွင် ယခုလ (၄) ရက်နေ့တွင်
ပဲခူးမြို့ပေါ်ရှိ ကြက်ခြံတခုမှ ကြက်ကောင်ရေ ၉၆ ကောင်အား
သုတ်သင်ရှင်းလင်းခဲ့ပြီး (၈) ရက်နေ့တွင် (H5N1)
ဗိုင်းရပ်ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည်။
ထို့နောက်
ပဲခူးမြို့ပေါ်ရှိ အသားစားကြက်မွေးမြူရေးခြံတခုမှ (၆) ရက်အတွင်း
ကြက်ကောင်ရေ ၇၂ ကောင် ထပ်မံသေဆုံးသဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ
(H5N1) ရောဂါမဟုတ်ပဲ ကြက်ဆီ အိပ်ရောင်ရောဂါ (Infectious Bursal
disease) သာ တွေ့ရှိသဖြင့် ဆေးဝါးကုသမှုများ ပြုလုပ် ခဲ့သည်ဟု ဆိုသည်။
အဆိုပါဌာနက
နိုင်ငံအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဗိုင်းရပ်ပိုး အကြွင်းအကျန်များ
လည်ပတ်နေသေးသဖြင့် မွေးမြူရေးခြံများအနေဖြင့်
ဦးစီးဌာန၏စစ်ဆေးမှုများကို ခံယူရန်၊ ကြက်၊ ဘဲ ရောင်းချသူများအနေဖြင့်
ရောဂါကာကွယ်ရေးပစ္စည်းများကို အသုံးပြုရန်နှင့် ပြည်ပမှ တင်သွင်းလာသည့်
ကြက်သားပေါက်များနှင့် ကာကွယ်ဆေးများကို အသုံးမပြုရန် သတိပေး
နှိုးဆော်ထားသည်။
ယခုနှစ်
ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းအတွင်း (H5N1)ရောဂါ ကျရောက်၍ ကြက်၊ ဘဲ
ကောင်ရေ နှစ်ထောင့်ရှစ်ရာကျော် သေဆုံးခဲ့ပြီး (၆) သောင်းခွဲခန့်ကို
သုတ်သင်ရှင်းလင်းခဲ့ရပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်
စိုက်ပျိုးရေးအဖွဲ့(FAO) ၊ ကုလသမဂ္ဂ
အကူအညီပေးရေးအဖွဲ့(UNAID)တို့နှင့်အတူ မြန်မာနိုင်ငံ မွေးမြူရေးနှင့်
ကုသရေးဦးစီးဌာနတို့ ရောဂါနှိမ်နင်းရေး အတွက်
ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ |