|
ဒေသတွင်းလူ့အခွင့်ရေးကော်မရှင်ဖွဲ့ရေး စစ်အစိုးရသဘောတူ
လူ့အခွင့်အရေးဆောင်ရွက်သူတဦးအား ထောင်ဒဏ်ချမှတ်
ဗထူး။
ဇူလိုင် ၃၁၊ ၂၀၀၇
ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများ
ဆွေးနွေးပွဲတွင် ဒေသတွင်း လူ့အခွင့်အရေးကော်မရှင်တရပ် ထားရှိရေးကို
သဘောတူညီခဲ့သည့် စစ်အစိုးရက လူ့အခွင့်အရေးလုပ်ငန်း ဆောင်ရွက်သူကျူရှင်
ဆရာတဦးအား ယမန်နေ့က ထောင်ဒဏ်ချမှတ် လိုက်သည်။
ယခုလ (၉)
ရက်နေ့က လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများနှင့်အတူ
ပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကျောင်းဆရာတဦးအား
စစ်အစိုးရတရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ပဲခူးတိုင်း၊ ပြည်မြို့မှ ကျောင်းဆရာတဦးကို စစ်အစိုးရတရားရုံးမှ
တရားမ၀င် ကျူရှင်ပြသည်ဟု ဆိုကာ ထောင်ဒဏ် (၃) နှစ်နှင့် ဒဏ်ငွေ (၃၀,၀၀၀)
ချမှတ်လိုက်ခြင်းဖြစ်သည်။
“ချုပ်ထားတာ
သူတို့ကြောက်လို့နေမှာပေါ့ဗျာ။ အမှန်တရားတွေ တဖြေးဖြေးနဲ့ ပေါ်လာမှာ
စိုးလို့ နေမှာပေါ့၊ ကျနော်တော့ အဲလိုမြင်တာပဲ၊ ဒီလို
လူ့အခွင့်ရေးနဲ့ပတ်သက်လို့ ဦးဆောင်ဦးရွက် လုပ်နိုင်တဲ့ သူတွေကို
သူတို့အနေနဲ့ လေးဘက်လေးတန် ကာထားတဲ့အခန်းထဲပဲ ထည့်ထား ချင်တာ၊ အပြင်မှာ
လွတ်လွတ်လပ်လပ် မထားချင်ဘူး။ အဲလိုမျိုးကြောင့် ဒီလိုအကြောင်းပြပြီး
အရေးယူလိုက်တယ်၊ ကျနော်ဒီလိုမြင်တယ်”ဟု အမည်မဖော်လိုသူ ပြည်မြို့မှ
ကျောင်းဆရာ တဦးက ဆိုသည်။
ယခု
ထောင်ဒဏ်ကျခံရသူ ကိုမင်းမင်းသည် ကျူရှင်မသင်တော့သည်မှာ နှစ်နှင့်ချီ
ကြာမြင့်နေပြီ ဖြစ်သော်လည်း လူ့အခွင့်အရေးလှုပ်ရှားမှုကို ကန့်သတ်ချင်သော
အာဏာပိုင်များက ကျူရှင်အက် (၂၃)ဖြင့် အကွက်ဆင်ကာ ထောင်ချခြင်းဖြစ်သည်ဟု
၎င်းက ဆက်လက်ပြောဆို သည်။
ပြည်မြို့ရှိ ထူးချွန်ပန်းခင်းကျူရှင်ကျောင်းဆရာ ကိုမင်းမင်းသည် ယခုလ
(၉) ရက်နေ့တွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ(HRDP) အဖွဲ့၏
လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ ရှင်းလင်းသည့် ဆွေးနွေးပွဲတွင်
တက်ရောက်ခဲ့ပြီး နောက်တနေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယခုဖမ်းဆီးခံရသူ ကျောင်းဆရာသည် အခကြေးငွေမယူဘဲ
စာသင်ကြားနေသူတဦးဖြစ်သည့် အလျှောက် ပြည်မြို့ရှိ
ဒေသခံကျောင်းသူ/သားများ၏ လေးစားခံရသူတဦးဖြစ်သည့်အားလျှော် စွာ
ယခုလိုအမိန့်ချမှတ်မှုအပေါ် များစွာ မကျေမနပ်ဖြစ်ခဲ့ရသည်ဟု
တရားရုံးသို့သွားရောက်ခဲ့သူ တဦးက ဆိုသည်။
“ကျောင်းသားလေးတွေကို သင်တဲ့နေရာမှာလည်း တကယ်လည်း တတ်ကျွမ်းလို့သင်တဲ့
ဆရာဖြစ်တော့ သင်ကြားမှုကလည်း ကောင်းတယ်ဗျာ၊ စေတနာကလည်း ကောင်းတယ်ဗျာ။
အကျင့်စာရိတ္တကလည်း ပြောစရာမရှိဘူး။ ဘာပြစ်ချက်မှမရှိတဲ့ သူတို့ရဲ့
ဆရာတယောက်ကို ဒီလိုဖမ်းတယ်ဆိုတော့ ကျောင်းသားတွေ ဘယ်စိတ်ကောင်းမလဲ။
ဒီနေ့ဆိုလည်း တရားရုံးမှာ ငိုတဲ့သူကငိုပေါ့နော်၊ အဲလိုမျိုးတွေ
တွေ့ရတယ်။ တရားရုံးကို လူ ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက် ရှိမယ် လာတာ၊
ကျောင်းသားတွေ၊ ပြည်မြို့နယ်မှာ လူ့အခွင့်အရေး လှုပ်ရှားတဲ့သူတွေ၊ သူ့
သူငယ်ချင်း ကျောင်းဆရာတွေ၊ သူ့မိသားစုဝင်တွေ အဲဒီလူတွေ လာကြတယ်”ဟု
မျက်မြင် သက်သေတဦးက ဆိုသည်။
ပြည်မြို့နယ်တရားရုံးမှ တရားသူကြီး ဦးခင်မောင်ဝင်းက ကိုမင်းမင်းအား
တရားမ၀င် ကျူရှင်ပြမှု အက် (၂၃) ဖြင့် ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့ရာ
ပြီးခဲ့သည့် (၂၄) ရက်နေ့ကလည်း (HRDP) အဖွဲ့ဝင် ကိုမြင့်လှိုင်အပါအ၀င်
လူ့ အခွင့်အရေးလှုပ်ရှားသူများကို စစ်အစိုးရတရားရုံးက နှစ်ရှည်
ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ယမန်နေ့က ကျင်းပသည့်
အာစီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ၌ နောင်တွင် ပြဌာန်းမည့်
အာစီယံပဋိညာဉ်စာချုပ်တွင် လူ့အခွင့်အရေးကော်မရှင် ထားရှိရေးအား
စစ်အစိုးရက သဘောတူကြောင်း သတင်းများထွက်ပေါ်လာသည့်နေ့တွင်ပင်
နိုင်ငံတွင်းမှ လူ့အခွင့်အရေးလှုပ်ရှားသူတဦးအား
ထောင်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
“သူတို့က
အဲဒီလို အာဆီယံအစည်းအဝေးမျိုးတွေမှာ သူတို့က သဘောတူပြမှာပဲ၊
လက်မှတ်ထိုး ပြမှာပဲ။ ပြီးရင် ပြည်တွင်းထဲမှာကျရင် သူတို့လုပ်လို့ရသလို
ပစ်စလက်ခတ်လုပ်မှာပဲ”ဟု အဆိုပါ ကျောင်းဆရာက ဆိုသည်။ |