|
ဒေသတွင်းလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းရေး စစ်အစိုးရသဘောတူ
ရိုးမ ၃။
ဇူလိုင် ၃၀၊ ၂၀၀၇
အာစီယံဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို ကိုင်တွယ်ရန်
လူ့အခွင့်အရေးကော်မရှင် တရပ် ဖွဲ့စည်းရေးကို မြန်မာစစ်အစိုးရက
သဘောတူညီလိုက်သည်။
ယနေ့
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် စတင်ကျင်းပနေသည့်
အာစီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမတိုင်မီ
အကြိုတွေ့ဆုံဆွေးနွေးစဉ် စစ်အစိုးရက ကန့်ကွက်ခဲ့ရာမှ ယနေ့ဆွေးနွေး
ပွဲတွင် သဘောတူညီလိုက်ခြင်းဖြစ်သည်။
အာစီယံအဖွဲ့ဝင်နိုင်ငံများသည် အာစီယံပဋိညာဉ်စာတမ်းအား ယခုကျင်းပနေသည့်
နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးပွဲတွင် အပြီးသတ်တင်သွင်းရန်
ပြင်ဆင်နေခြင်းဖြစ်ပြီး အဆိုပါ ပဋိညာဉ် စာတမ်းအတွင်း
လူ့အခွင့်အရေးအခြေအနေများအား ဒေသတွင်းနိုင်ငံများက လေ့လာ စောင့်ကြည့်
စစ်ဆေးနိုင်မည့် ကော်မရှင်တရပ် ဖွဲ့စည်းရေးကဏ္ဍလည်း ပါဝင်မည်ဖြစ်သည်။
အာစီယံအနေဖြင့် မတူညီသည့် အဖွဲ့ဝင်နိုင်ငံများ၏
နိုင်ငံရေးစနစ်များအကြား သဘောတူညီမှု ရရှိရန် အခြေအနေမှာ ခက်ခဲသော်လည်း
ဥရောပသမဂ္ဂကဲ့သို့ ကျစ်လစ်ခိုင်မာသည့် ဒေသတွင်း အစုအဖွဲ့ဖြစ်လာရေးကို
အစဉ်တစိုက် ကြိုးစားနေဆဲပင်ဖြစ်သည်။
ဒေသတွင်းနိုင်ငံများအတွင်း လူ့အခွင့်အရေးအခြေအနေများအား ကိုင်တွယ်ရန်
လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းရေးအဆိုကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊
လာအိုနှင့် မြန်မာစစ်အစိုးရတို့က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
ယခုကျင်းပနေသည့် အာစီယံပဋိညာဉ်စာတမ်းအား ညှိနှိုင်းမှုများပြီးစီးပါက
ယခုနှစ် နိုဝင်ဘာလ စင်္ကာပူနိုင်ငံတွင်ကျင်းပမည့်
အာစီယံထိပ်သီးဆွေးနွေးပွဲတွင် အတည်ပြုကာ လာမည့်နှစ်ကုန် ပိုင်းတွင်
အာစီယံအဖွဲ့ဝင်နိုင်ငံများအားလုံး အဆိုပါပဋိညာဉ်စာချုပ်အား
လက်မှတ်ရေထိုးကြ ရမည်ဖြစ်သည်။
စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ မြန်မာနိုင်ငံတွင်း
လူ့အခွင့်အရေး အခြေအနေများ တိုးတက်အောင် ပြောဆိုတိုက်တွန်းချက်များကို
မျက်ကွယ်ပြုထားသည့်အပြင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို
ဖိနှိပ်ညှဉ်းပန်းလျှက်ရှိရာ ယခုလ (၂၄) ရက်နေ့တွင်
လူ့အခွင့်အရေးလှုပ်ရှားသူ (၆)ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
|