|
ကြံ့ဖွံ့အဖွဲ့က ကျောင်းရံပုံငွေကို
အလွဲသုံးစားလုပ်
ဗထူး။
ဇူလိုင် ၆၊ ၂၀၀၇
မူလတန်းကျောင်းပရိဘောဂများအတွက် အသုံးပြုရန် ချပေးထားသည့် ငွေများကို
ရပ်ကွက်ကြံ့ဖွံ့အဖွဲ့ဝင်များက ကိုယ်ကျိုးရှာ
အလွဲသုံးစားပြုလုပ်ခဲ့သည်။
သစ်တောဝန်ကြီးဌာနမှ ဘိုကလေးမြို့ပေါ်ရှိ အမှတ် (၇) ရပ်ကွက်မှ
မူလတန်းကျောင်းတွင် ပရိဘောဂများ ၀ယ်ယူရန်အတွက် ချပေးထားသည့်ငွေများအား
ကြံ့ဖွံ့စည်းရုံးရေးမှူးများက အလွဲသုံးစားပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ရပ်ကွက်
(၇)၊ (၁၅) လမ်းမှာရှိတဲ့ မူလတန်းကျောင်းအတွက် လိုအပ်တဲ့
ပရိဘောဂတွေဝယ်ဖို့ ငွေလေးသိန်း ချပေးခဲ့တာ၊ အဲ့ဒါကို
ရပ်ကွက်ပြည်ခိုင်ဖြိုးက စည်းရုံးရေးမှူးတွေက အလွဲသုံးစား လုပ်ခဲ့တာ။
ခုထိ ကျောင်းအတွက် ဘာမှလုပ်ပေးတာမရှိဘူး။ ကျောင်းသားမိဘတွေကလည်း ဒါကို
မကျေနပ်ကြဘူး”ဟု အဆိုပါရပ်ကွက်နေသူတဦးက ပြောသည်။
စစ်အစိုးရဖွဲ့စည်းထားသည့် ကြံ့ဖွံ့နှင့် ရပ်ကွက်အာဏာပိုင်များသည်
နည်းအမျိုးမျိုးဖြင့် ပြည်သူအပေါ် ငွေကောက်ခံခြင်း၊ ငွေများအား
အလွဲသုံးစားပြုလုပ်ခြင်းများကို ပြုလုပ်လျှက်ရှိရာ ယခုနှစ်၊
မေလအတွင်းကလည်း ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ် ဗန်းမော်အစုကြီးကျေးရွာ
မူလတန်းကျောင်း ပြုပြင်ဆောက်လုပ်ရန် ချထားပေးသည့် ငွေကျပ်သိန်း (၃၀)
ကို (ရယက) ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အလွဲသုံးစားပြုလုပ်ခဲ့သည်။
ယခု
ဘိုကလေးမြို့ ရပ်ကွက် (၇) မှ မူလတန်းကျောင်းငွေများကို
ကြံ့ဖွံ့စည်းရုံးရေးမှူးများ ဖြစ်ကြသည့် မောင်ကိုကြီး၊ စိုးဝင်းနှင့်
သိန်းထွန်းဆိုသူ သုံးဦးက အလွဲသုံးစားပြုလုပ်ခဲ့ပြီး ကြံ့ဖွံ့
အဖွဲ့ဝင်များသည် ပြည်သူများအပေါ် နိုင်ထက်စီးနင်း ပြုလုပ်မှုများ
အများဆုံးပြုလုပ်သည်ဟု ဆိုသည်။
စစ်အစိုးရအနေဖြင့် ယခင်အုပ်ချုပ်ရေးယန္တရားရှိ အာဏာပိုင်များသည်
ပြည်သူအပေါ် ဆိုးဝါး သည့် အာဏာသုံး
ဆောင်ရွက်မှုများပြုလုပ်သည့်အတွက်ဟုဆိုကာ ယခုနှစ်ဆန်းပိုင်းက စတင်ကာ
ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးများအား
အစားထိုးပြုပြင်ခဲ့သော် လည်း အဆင့်လိုက် အာဏာပိုင်များ၏ လာဘ်စားမှု၊
ငွေကြေးကောက်ခံမှု၊ ပြည်သူပိုင်ငွေကြေး များ အလွဲသုံးစားပြုလုပ်မှုနှင့်
မတရားသဖြင့် နိုင်ထက်စီးနင်းပြုလုပ်မှုများကို အများပြည်သူမှာ ဆက်လက်
ခံစားနေရဆဲဖြစ်သည်။
“ကျေးလက်ရွာက လူတွေ ပိုခံစားရတယ်။ လယ်သမားအတွက် ချပေးထားတဲ့
ဓါတ်မြေသြဇာတို့၊ လယ်သမားတွေ ရေတင်ပြီး စပါးစိုက်ဖို့ချပေးထားတဲ့
စက်သုံးဆီတို့ ဒါတွေကို (မယက)၀န်ထမ်း တွေနဲ့ ပေါင်းပြီး အမြဲ
မသမာမှုလုပ်တယ်၊ ကိုယ်ကျိုးရှာ အလွဲသုံးစားလုပ်တယ်။ ခုလည်း
မရှိဆင်းရဲတဲ့ ကလေးတွေ ပညာရေးအတွက် ငွေကို အာဏာနဲ့
မတရားသဖြင့်အသုံးပြုတယ်” ဟု ဒေသခံက ဆိုသည်။
စစ်အစိုးရက
ကျောင်းဖွင့်ရာသီဖြစ်သည့် ပြီးခဲ့သည့် ဇွန်လဆန်းက ပညာရေးဝန်ကြီးဌာနမှ
အမိန့်ထုတ်ပြန်ကာ ကျောင်းအပ်နှံမှုတွင် ငွေကြေးကောက်ခံမှုများ
မပြုလုပ်ရန် အမိန့်ထုတ်ပြန် ခဲ့သော်လည်း လက်တွေ့တွင် မိဘများအနေဖြင့်
သားသမီးများ ကျောင်းနေနိုင်ရေးအတွက် ပညာရည်အဆင့်အတန်းအလိုက်
ငွေအမြောက်အများ ကုန်ကျခဲ့သည်။
စစ်အစိုးရဖွဲ့စည်းထားသည့် အသင်းအပင်းများကလည်း ကျောင်းဖွင့်ရာသီအစတွင်
ကျောင်းများ အရောက် သင်ထောက်ကူပစ္စည်းများ အခမဲ့ဝေငှသည့်သတင်းများ
ဖော်ပြခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့က ရန်ကုန်မြို့၊
ရွှေပြည်သာမြို့နယ်၊ အမှတ် (၄) အလယ်တန်း ကျောင်းတွင်
မြို့နယ်(မယက)ဥက္ကဋ္ဌနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကလေး
ငယ်များအား စာအုပ်များထောက်ပံ့သည်ဟုဆိုကာ ဓါတ်ပုံရိုက်ယူပြီး
အဆိုပါစာအုပ်များကို ပြန်လည်သိမ်းသွားခဲ့သည်။
စစ်အစိုးရထုတ်ပြန်သည့် ကိန်းဂဏန်းများအရ နိုင်ငံအနှံ့
အခြေခံပညာကျောင်းပေါင်း (၄၀၅၄၈)ကျောင်းရှိကာ ကျောင်းသူ/ကျောင်းသား
(၇.၈၃)သန်း ပညာသင်ကြားလျှက်ရှိပြီး ဆရာ/ဆရာမ ပေါင်း
(၂.၅)သိန်းကျော်ရှိသည်ဟု ဆိုသည်။ |