Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စားသောက်ဆိုင်များ ဗွီဒီယိုပြသခွင့်တင်းကြပ်ခံရ

ဗထူး။ ဇူလိုင် ၁၉၊ ၂၀၀၇

လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များတွင် ဗွီဒီယိုပြသခွင့်များကို ရုပ်ရှင်အစည်းအရုံးက ယခုလ (၁၆) ရက်နေ့က အမိန့်စာထုတ်ပြန်၍ တင်းကြပ်သည့် စည်းကမ်းများချမှတ်ခဲ့သည်။ 

မြန်မာနိုင်ငံတ၀ှမ်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များမှ ဗွီဒီယိုပြသမှုများကို ရုပ်ရှင် အစည်းအရုံး ဗွီဒီယိုအခြေခံအဖွဲ့(ဗဟို)က စည်းကမ်းချက်များ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ 

အချက် (၁၀)ချက်ပါ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် အဆိုပါ စည်းကမ်းချက်များကို နားလည်ကြောင်း လက်မှတ်ရေးထိုးကာ ဆိုင်အတွင်း ဗွီဒီယိုပြသခြင်းကို ပြုလုပ်ရမည်ဟုဆိုသည်။ 

“စည်းကမ်းထဲမှာတော့ အဓိက ဗွီဒီယိုပြသရုံတွေက ပြနေတဲ့ကားတွေကို မပြဖို့၊ ရုံတွေမှာပြနေတဲ့ ကားတွေကို ပြချင်ရင် တပတ်အကြာမှပြဖို့၊ ပြသတဲ့အချိန်ကလည်း ရုံတွေပြနေတဲ့အချိန်နဲ့ တနာရီခွဲလောက်ခွာပြဖို့ အချက်တွေပါတယ်။ ပြသခွင့်ကလည်း စည်းကမ်းချက် စာရွက်တွေပါ အချက်တွေကို သိရှိကြောင်း လက်မှတ်ထိုးမှရမယ်။ စည်းကမ်းချက်အတိုင်း မလိုက်နာရင် အရေးယူမယ်ပေါ့”ဟု လ္ဘက်ရည်ဆိုင်ပိုင်ရှင်တဦးက ဆိုသည်။ 

စားသောက်ဆိုင်များတွင် ဗွီဒီယိုပြစက်များကို ဆိုင်မျက်နှာစာဘက်သို့ လှည့်ကာ ထားခွင့်မပြုပဲ ဆိုင်အတွင်းဘက်သို့ လှည့်ထားရန်နှင့် ဗွီဒီယိုရုံများနည်းတူ ဆိုင်းဘုတ်ထောင်ကြော်ငြာခြင်းများ မပြုလုပ်ရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ 

မြ၀တီရုပ်သံလိုင်းမှ ထုတ်လွှင့်သည့် အစီအစဉ်များကို ကူးယူပြသခြင်းနှင့် ဆင်ဆာမဲ့၊ တားမြစ် အခွေ၊ နယ်ကျော်ဇတ်ကားများနှင့် နိုင်ငံခြားကားများကို မပြသရန် အဆိုပါစည်းကမ်းချက်တွင် ပါဝင်သည်။ 

“ဂြိုဟ်တုစလောင်းတွေက ထုတ်တဲ့ အစီအစဉ်တွေအားလုံးကိုလည်း ပြသခွင့်မပြုတော့ဘူး၊ ပိုဆိုးတာက အခါအားလျှော်စွာ ထုတ်ပြန်မဲ့စည်းကမ်းတွေလည်း လိုက်နာရမယ်တဲ့၊ ဘာအမိန့် တွေ လာအုံးမယ်မသိသေးဘူး၊ လူတွေက နိုင်ငံခြားရုပ်သံအစီအစဉ်တွေ ကြည့်ကြတာများတယ်၊ ပထမက နားပိတ်၊ ဒုတိယက မျက်လုံးပါပိတ်လိုက်တဲ့ သဘောပဲ”ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။ 

ယခုထုတ်ပြန်သည့် အမိန့်ကို ဗွီဒီယိုအခြေခံအဖွဲ့(ဗဟို) အတွင်းရေးမှူး အေးစိုး (ခ) ကိုပြူးက လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါညွှန်ကြားချက်စာများ၊ စည်းကမ်းချက်များကို ပြည်နယ်၊ တိုင်း အသီးသီးသို့ ဖြန့်ဝေထားခဲ့ပြီး စားသောက်ဆိုင်များအတွင်း စည်းကမ်းချက် (၁၀) ချက်ပါ စာရွက်အား ကပ်ထားရန်လည်း အမိန့်တွင်ပါရှိသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org