Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တာဝန်ရှိသူစစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကို ရေနံရောင်းစားမှုဖြင့် အရေးယူပေးရန် စစ်အစိုးရခေါင်းဆောင်ထံတိုင်ကြား

ရိုးမ ၃။ ဇူလိုင် ၃၊  ၂၀၀၇

ရေနံရောင်းချ၍ ကိုယ်ကျိုးရှာသည့်  စစ်မှုထမ်းဟောင်းအဖွဲ့ အကြီးအကဲများအား အရေးယူ ပေးရန် အောက်ခြေစစ်မှုထမ်းဟောင်းများက စစ်အစိုးရခေါင်းဆောင်ထံ တိုင်ကြားလိုက်သည်။

မုံရွာခရိုင်၊ ပေါက်မြို့ စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက အုန်းမှင်ထန်းပင်ချောင်း ရေနံ မြေမှ ရေနံစိမ်းများကို တရားမ၀င်ရောင်းချကာ ကိုယ်ကျိုးရှာနေမှုအပေါ် စစ်မှုထမ်းဟောင်းများ က အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်သည်။

မြို့နယ် စစ်မှုထမ်းဟောင်း အလုပ်အမှုဆောင်အဖွဲ့ဝင် (၉)ဦးက မြို့နယ်၊ ဒေသဖွံ့ဖြိုးရေးနှင့် စစ်မှုထမ်းဟောင်းရံပုံငွေအတွက်ဟုဆိုကာ  အဆိုပါရေနံမြေမှ ရေနံစိမ်းများ သယ်ယူရောင်းချ ခွင့် ပါမစ်များကို ငွေကြေးရယူကာ ထုတ်ပေး၍ ကိုယ်ကျိုးရှာခဲ့ခြင်းဖြစ်သည်။

“ရေနံစိမ်းတပီပါကို (၇၅၀၀)ကျပ်၊ လုပ်ကွက်ဒေသကနေ မုံရွာ၊ ကျောက်ကာကို သယ်ယူခွင့် ပါမစ်ထုတ်ပေးတာ၊ ရေနံစိမ်းက တလကို ပီပါ (၁၂၀၀)ကနေ(၁၈၀၀) ထိ ထွက်တယ်။ ဒီတော့ သူတို့ဝင်ငွေက တလကို (၁၃၅) သိန်းဝင်ငွေရှိတယ်” ဟု အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း တဦးက ဆိုသည်။

များသောအားဖြင့် စစ်မှုထမ်းဟောင်းမိသားစုဝင်များမှာ စားဝတ်နေကြပ်တည်းနေကြပြီး စစ်မှု ထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများအနေဖြင့် ထောက်ပံ့ကူညီခြင်း လုံးဝမရှိပဲ ကိုယ်ကျိုးစီးပွား ရှာနေခြင်းကို ယခင်နှစ် ဧပြီလကုန်က ရေနံတွင်းတူးသမား ဦးဘိုလေးဆိုသူက အထောက် အထားများနှင့် တင်ပြတိုင်ကြားခဲ့သော်လည်း အရေးယူခြင်းမရှိကြောင်း ၄င်းက ဆက်လက် ပြောဆိုသည်။

အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ရေစကြိုမြို့အခြေစိုက် ခမရ (၂၅၈)နှင့် ပခုက္ကူအခြေစိုက် ခြေမြန်တပ်မဌာနချုပ် (၁၀၁) တို့တွင် နှစ်ကြိမ်တိုင်တိုင် စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် ကျပ်သိန်းပေါင်း (၂၀၀၀) ကျော် ၀င်ငွေရရှိခဲ့ကြောင်း ထင်ရှားသော်လည်း ယခုအထိ အရေးမယူ သဖြင့် နေပြည်တော်ရှိ စစ်အစိုးရခေါင်းဆောင်ပိုင်းအထိ အမည်မဖော်လိုသူ စစ်မှုထမ်းဟောင်း တဦးက တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အုန်းမှင်ထန်းပင်ချောင်းရေနံမြေကို စစ်အစိုးရက စွမ်းအင်ဝန်ကြီးဌာနအမိန့်ဖြင့် ယခင်က စစ်မှုထမ်းဟောင်းအဖွဲ့အား လက်ယက်တူးဖော်ထုတ်လုပ်ခွင့် ၂၀၀၄ ခုနှစ်၊ ဧပြီလမှ ၂၀၀၅ ခုနှစ်၊ မတ်လကုန်အထိ တနှစ်စာလုပ်ပိုင်ခွင့်သက်တမ်း ပေးခဲ့သော်လည်း နောက်ပိုင်း တွင် တရုတ်နိုင်ငံပိုင် (စူနိုပက်)ရေနံကုမ္ပဏီနှင့် စစ်အစိုးရတို့ ပူးတွဲတူးဖော်ရန် သတ်မှတ်ခဲ့သည့် နောက်ပိုင်းတွင် အဆိုပါလုပ်ပိုင်ခွင့်ပါမစ်ကို သက်တမ်းတိုးမြှင့်ပေးခြင်းမရှိတော့ပေ။

သို့သော် ပေါက်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ တာဝန်ရှိသူများက  ရံပုံငွေကို အကြောင်းပြကာ တရားမ၀င်တူးဖော်ရောင်းချခွင့်များကို ငွေကြေးရယူကာ အကန့်အသတ်မဲ့ ခွင့်ပြု၍ ၂၀၀၆ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ ကိုယ်ကျိုးရှာ လုပ်ကိုင်ကြခြင်းဖြစ်သည်။

ပေါက်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌ ဦးအေးလှိုင်(ပေါက်မြို့ရဲစခန်းမှူး)၊ ဒုဥက္ကဋ္ဌ ဦးဝင်းမြင့် (ဥပဒေအရာရှိ)၊ အတွင်းရေးမှူး ဦးတင်အောင်တို့ဖြစ်ပြီး ၄င်းတို့သည် အဆိုပါ ရေနံစိမ်းရောင်းချငွေဖြင့် တဦးလျှင် သိန်းပေါင်းရာချီ ချမ်းသာနေသည်ဟု ဆိုသည်။

ဇွန်လ (၂၀) ရက်နေ့ နေ့စွဲဖြင့် စစ်မှုထမ်းဟောင်းတဦးက ဗဟိုစစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌထံ လိပ်မူ၍ တိုင်ကြားစာပေးပို့ခဲ့ရာ ပေါက်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ အလုပ်အမှုဆောင်များ အား အရေးယူပေးရန် တောင်းဆိုထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပါအ၀င် ရှေ့နေချုပ်ရုံး၊ ပြည်ထဲရေးနှင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များသို့လည်း မိတ္တူပေးပို့ထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org