Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများမှ အခွန်ငွေရရှိမှုကျဆင်း

ဗထူး။ ဇူလိုင် ၉၊ ၂၀၀၇

စစ်အစိုးရ၏ ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုလုပ်ငန်များ ကျဆင်းလာ သဖြင့် အဆိုပါလုပ်ငန်းမှ အခွန်ကောက်ခံရရှိမှု အလွန်နည်းပါးလာကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ၀န်ထမ်းတဦးက ပြောကြားခဲ့သည်။ 

နိုင်ငံအတွင်း စက်သုံးဆီနှင့်ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာမှုကြောင့် စစ်အစိုးရ ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းနှင့် အကောက်ခွန်ဦးစီးဌာနမှ အခွန်ငွေများရရှိမှု ကျဆင်းလာခြင်းဖြစ် သည်။ 

ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းနှင့် ကုန်တင်ယာဉ်အမျိုးမျိုးအပေါ် အခွန်စည်းကြပ်မှုမှာ တရိပ်ရိပ် တက်လာသည့် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းမြင့်မားလာမှုအပေါ် ကောက်ခံသည့်အတွက် ယာဉ်ပိုင်ရှင်များမှာ ၀င်ငွေကျဆင်းလာသဖြင့် အကောက်ခွန်ဦးစီးဌာန၏ ၀င်ငွေမှာ ပြီးခဲ့သည့် (၂) နှစ်အတွင်း သိသိသာသာ ကျဆင်းခဲ့သည်။ 

“လူတွေက မော်တော်ဆိုင်ကယ်ကိုအသုံးပြုတာ များလာတယ်။ တက်လာတဲ့ ဆီဈေးနဲ့ ကုန်ဈေးနှုန်းအပေါ် အခြေခံပြီး အခွန်သတ်မှတ်နှုန်းတွေ တိုးကောက်တော့ ယာဉ်ပိုင်ရှင်တွေ၊ အသင်းဝင်တွေက မကိုက်တော့ဘူး။ အဲ့တော့ ခရီးသည်နဲ့ ကုန်ပစ္စည်းသယ်တဲ့လုပ်ငန်းတွေ နှေးလာတယ်။ ဒီတော့ အခွန်ရရှိမှုလည်း လျှော့လာတယ်”ဟု အကောက်ခွန်ဝန်ထမ်းတဦးက ဆိုသည်။ 

၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ် ကုန်သွယ်ခွန်နှင့် အမြတ်ခွန်အတွက် ယခုအခါ ပြည်နယ်၊ တိုင်း အလိုက်သို့ ၀င်ငွေကြေညာလွှာ အချိန်မှီ တင်သွင်းရေးအတွက် ညွှန်ကြားစာများ ရောက်ရှိနေပြီး ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်တွင် သတ်မှတ်ထားသည့် အခွန်နှုန်းထားအတိုင်းသာ ကောက်ခံရန် ပါရှိပြီး ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ယာဉ်တစီးချင်းအလိုက် အခွန်ဥပဒေအရ လက်မှတ် ရေးထိုးကာ ပြီးခဲ့သည့်လ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အတွင်း သက်ဆိုင်ရာ တိုင်း၊ ခရိုင်နှင့် မြို့နယ်အခွန်ဦးစီးဌာနသို့ တင်သွင်းကြရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။ 

“ပိုင်ရှင်တွေကိုယ်တိုင် လက်မှတ်ထိုးပြီး တင်သွင်းရမှာ။ ပျက်ကွက်ရင်လည်း ဥပဒေအရ ထိထိရောက်ရောက် အရေးယူမယ်လို့လည်းပြောတယ်။ ခုကတော့ အခွန်နှုန်းသစ်တွေက ယာဉ်နဲ့ပတ်သက်ရင် ဆိုက်ကားပါ အခွန်တိုးကောက်နေတော့ ဒီပြဿနာကို လွယ်လွယ်ရှင်းဖို့ မဖြစ်နိုင်ဘူး”ဟု ယာဉ်ပိုင်ရှင်တဦးက ဆိုသည်။ 

အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရှိ မြန်မာနယ်စပ်တလျှောက် ကုန်သွယ် မှုနှင့် ခရီးသွားလာမှုလုပ်ငန်းများတွင်လည်း စစ်တပ်နှင့်  အခွန်အကောက်စခန်းများ၊ ဌာနဆိုင်ရာ များမှ နည်းပေါင်းစုံဖြင့် ငွေကြေးကောက်ခံခြင်းအပြင် တိုးမြင့်လာသော စက်သုံးဆီနှင့် ကုန်ဈေး နှုန်းကြောင့် စရိတ်စကများ ကြီးမားသဖြင့် လုပ်ငန်းများ နှောင့်နှေးကြံ့ကြာမှုအပြင် ပြည်သူ အများ ခရီးသွားလာမှုလျှော့နည်းလာခြင်းနှင့် ရင်ဆိုင်နေရသည်။ 

“အခွန်စာတင်လာတဲ့ လူတွေကို အခွန်နဲ့ပတ်သက်တဲ့ အခွန်စည်းကမ်းတွေကို မဖြစ်မနေ လိုက်နာရမဲ့အကြောင်းကို သဘောပေါက်အောင် ရှင်းပြရမယ်လို့ဆိုတော့ ကျနော်တို့က ဘယ်လို ရှင်းရမှာလဲ။ အဓိကက စက်သုံးဆီနဲ့ ကုန်ဈေးနှုန်းကလည်းတက်၊ အခွန်တွေကလည်း အမျိုးမျိုး ပဲ၊ ပြေလည်ဖို့ဆိုတာမလွယ်ဘူး” ဟု အကောက်ခွန်ဝန်ထမ်းက ဆိုသည်။ 

စစ်အစိုးရက ယခုနှစ် မေလ (၂၄) ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခမ်းမ၌ ပြုလုပ်ခဲ့သည့် အခွန် ဆိုင်ရာ ဆွေးနွေးပွဲတွင် ၂၀၀၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ကာ ခရီးသည်နှင့် ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများမှ ၀င်ငွေအခွန်လျှော့နည်းလာမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် တင်ပြဆွေးနွေးခဲ့သော်လည်း ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ဒေသအာဏာပိုင် များက အခွန်ငွေနှုန်းထားအသစ်များ တိုးမြှင့်ကောက်ခံခဲ့သဖြင့် ပြည်သူများအတွင်း မကျေနပ်မှု များ ဖြစ်ပေါ်ကာ တိုင်ကြားမှုများ နေရာအနှံ့ဖြစ်ပေါ်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org