|
တိုင်းရင်းသားများ အခွင့်အရေးနှင့်ပတ်သက်၍ ကေအိုင်အိုက
ညောင်နှစ်ပင်ညီလာခံတွင်တင်ပြ
ရိုးမ ၃။
ဇူလိုင် ၂၀၊ ၂၀၀၇
တိုင်းရင်းသားမျာ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍
ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(KIO)က စစ်အစိုးရကျင်းပနေသည့်
အမျိုးသားညီလာခံတွင် တင်ပြတောင်းဆိုလိုက်သည်။
ယမန်နေ့မှစတင်ကာ ကျင်းပခဲ့သည့် စစ်အစိုးရညီလာခံတွင်
ပြည်ထောင်စုဖွဲ့စည်းတည်ဆောက် ပုံသည် ဗဟိုချူပ်ကိုင်မှုတင်းကြပ်သော
တပြည်ထောင်စံနစ်ဖြစ်နေသည်ဟု ထောက်ပြကာ (KIO)က ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌထံ
တင်ပြခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်များသည်
အခွင့်အရေးတန်းတူသည်ဟုဆိုသော်လည်း ပြည်နယ်များတွင်
တိုင်းရင်းသားများနေထိုင်သဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်
တိုင်းရင်းသားများ ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပေးရန်လိုအပ်သလို
ဖွဲ့စည်းပုံပါ အာဏာသုံးရပ်အား အညီအမျှ ခွဲဝေပေးရန် ယခုတင်ပြချက်က
တောင်းဆိုထားသည်။
အပစ်ခတ်ရပ်စဲထားသော လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့်
ပတ်သက်၍ ပြည်ထောင်စုတပ်မတော်အောက်တွင် တစုတစည်းတည်းထားရှိရေးအတွက်
အများသဘော တူညီချက်ကို ရယူဆောင်ရွက်ရန်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ
နယ်စပ်ဒေသဆိုင်ရာ ကိစ္စရပ် တွင် လုပ်ပိုင်ခွင့်များ ပြင်ဆင်ပေးရန် (KIO)
အထူးဒေသ (၂) ၏ တင်ပြချက်တွင် ပါရှိသည်။
ကချင်ပြည်နယ် နယ်နမိတ်နှင့်ပတ်သက်၍လည်း ယခင်ကကချင်ပြည်နယ်အဖြစ်
သတ်မှတ်ခဲ့ သည့် နယ်နမိတ်အတိုင်း သတ်မှတ်ပေးပါရန် တောင်းဆိုထားခဲ့ပြီး
ယဉ်ကျေးမှုစာပေနှင့် ဓလေ့ ထုံးတမ်းစဉ်လာတို့အတိုင်း
အတည်ပြုလုပ်ဆောင်ခွင့်များ ချမှတ်ရန် လိုသည်ဟုဆိုသည်။
၂၀၀၄
ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သည့် အမျိုးသားညီလာခံတွင်လည်း
အပစ်ခတ်ရပ်စဲထား သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၃) ဖွဲ့က
တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့် ပြည်ထောင်စုစနစ်အား
အကြံပြုတင်ပြခဲ့သော်လည်း ညီလာခံကော်မရှင်က အဆိုပါတင်ပြချက် ကို
ပယ်ဖျက်ခဲ့သည်။
ထို့နောက်
အပစ်ခတ်ရပ်စဲထားသည့် မွန်ပြည်သစ်ပါတီက ညီလာခံတက်ရောက်နေသည့်
ကိုယ်စားလှယ်အဆင့်ကို လျှော့ချကာ လေ့လာသူအဖြစ်သာ စေလွှတ်ခဲ့သည်။
မကြာသေးမီက လည်း ညီလာခံတက်ရောက်နေသည့် ရှမ်းပြည်နယ်
လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ရလလဖ)မှ အင်အား (၁၀၀) ခန့်ကလည်း
စစ်အစိုးရကျင်းပမည့် ညီလာခံသည် တိုင်းရင်းသား များနှင့်
ဒီမိုကရေစီအခွင့်အရေးများကို အာမခံချက်မပေးနိုင်ဟုဆိုကာ တောတွင်းသို့
ပြန်လည် ဝင်ရောက်လာခဲ့သည်။
စစ်အစိုးရအနေဖြင့် ယခုပြန်လည်ကျင်းပနေသည့် ညီလာခံသည်
နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီးနောက် နိုင်ငံရေးပါတီများ၊ ၈၈
မျိုးဆက်ကျောင်းသားများက အင်အားစုအားလုံး
ပါဝင်ညှိနှိုင်းအဖြေရှာနိုင်မည့် နည်းလမ်းကို အသုံးပြုရန်
အကြံပြုခဲ့သော်လည်း စစ်အစိုးရက မည်သည့်အကြောင်းမျှမပြန်ဘဲ ညီလာခံကို
ယခုကျင်းပနေခြင်းဖြစ်သည်။ |