|
လူ့အခွင့်အရေးဆွေးနွေးပွဲတက်သူ
ကျူရှင်ဆရာတဦး အဖမ်းခံရ
ဗထူး။
ဇူလိုင် ၁၂၊ ၂၀၀၇
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများ(HRDP)အဖွဲ့မှ ပြုလုပ်သည့်
လူ့အခွင့်အရေး ပညာပေး ဆွေးနွေးပွဲတက်ရောက်သူ ကျူရှင်ဆရာတဦးကို
စစ်အစိုးရအာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။
ပြည်မြို့ရှိ ထူးချွန်ပန်းခင်းကျူရှင်ကျောင်းမှ ကျူရှင်ဆရာ
ကိုမင်းမင်းအား ပြည်မြို့အာဏာပိုင် များက အဆိုပါကျူရှင်ကျောင်းမှ
ယမန်နေ့ညနေက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
`ကျူရှင်ကျောင်းကနေ
ညနေ ၆ နာရီ လောက်က မေးစရာရှိတယ်ဆိုပြီးခေါ်သွားတာ။
လူ့အခွင့်အရေးကြေညာစာတမ်း စာအုပ် (၁၀၀) ကိုလည်း သိမ်းသွားတယ်။ အမှတ်
(၂) ရဲစခန်းမှာ ဖမ်းထားတယ်၊ ရမန်တပတ်ယူထားတယ်´ဟု အဆိုပါ
ဆွေးနွေးပွဲသို့ ကိုယ်တိုင် တက်ရောက်ခဲ့သူတဦးက ဆိုသည်။
(HRDP)မှ
အဖွဲ့ဝင် ကိုမောင်မောင်လေးမှ ယခုလ (၉) ရက်နေ့၊ ည (၇)နာရီတွင်
အဆိုပါကျူရှင် ကျောင်းတွင် ကုလသမဂ္ဂဆိုင်ရာ
လူ့အခွင့်အရေးပြဌာန်းချက်များကို တက်ရောက်လာသူများ အား
ရှင်းလင်းခြင်းနှင့် လူ့အခွင့်အရေးနှင့်ပတ်သက်၍
လက်တွေ့လုပ်ဆောင်ဖွယ်ရာများကို အပြန်အလှန်ဆွေးနွေးမှုများကို
ပြုလုပ်ခဲ့ရာ ကျူရှင်ဆရာ ကိုမင်းမင်းအပါအ၀င် လူ (၂၀) တက်ရောက်ခဲ့သည်ဟု
၎င်းက ဆက်လက်ပြောဆိုသည်။
`ကြားရတဲ့သတင်းတွေကတော့
သူ့ကို ကျူရှင်ကို လိုင်စင်မရှိဘဲသင်တဲ့အမှုနဲ့ တရားစွဲမယ်လို့
ကြားတယ်။ အမှန်က ကျူရှင်ကျောင်းပိတ်ထားတာလည်း နှစ်နဲ့ချီနေပြီ။
ဆိုင်းဘုတ် ဖြုတ်တောင် ဖြုတ်ထားတာ၊ ခုကိစ္စက အမှန်ဆို
လူ့အခွင့်အရေးပညာပေးလုပ်ငန်း လုပ်တာလေ၊ ကုလသမဂ္ဂ ကိုယ်၌က
ပြဌာန်းထားတဲ့ဟာပဲ၊ ဒါကိုလည်း လက်မှတ်ထိုးတာတဲ့နိုင်ငံပဲ´ဟု
ပြည်မြို့မှ အမည် မဖော်လိုသူ (HRDP)အဖွဲ့ဝင်တဦးက ဆိုသည်။
စစ်အစိုးရအနေဖြင့် (HRDP)အဖွဲ့မှ ဦးမြင့်အေးအား ဖမ်းဆီးခဲ့ပြီး
နောက်ပိုင်းတွင် ပြန်လည်လွှတ် ပေးခဲ့သော်လည်း အဆိုပါအဖွဲ့မှ
နိုင်ငံအနှံ့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ လုပ်ဆောင်မှု ကို
နည်းအမျိုးမျိုးဖြင့် ဟန့်တားနှောက်ယှက်ခဲ့ပြီးနောက် ယခုနှစ်
မေလအတွင်းက အာဏာပိုင် များက လူစုလူဝေးဖြင့် အဆိုပါအဖွဲ့ဝင်များအား
အကြမ်းဖက် ရိုက်နှက်ခဲ့သည်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာတွင် မေလ (၁၈) ရက်နေ့က
အာဏာပိုင်များ ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် (HRDP)အဖွဲ့ဝင်၊ ယခု
ပြည်မြို့သို့သွားရောက်ခဲ့သူ ကိုမောင်မောင်လေးနှင့်
ကိုမြင့်နိုင်တို့နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ထိုနောက်
အကြမ်းဖက်မှုတွင်ပါဝင်သော အာဏာပိုင်များက ၄င်းတို့အား ပုဒ်မ ၅၀၅ (ခ) (ဂ)
ဖြင့် တရားစွဲဆိုခဲ့သဖြင့် ယခုတိုင် ဟင်္သာတမြို့နယ်တရားရုံးတွင်
အမှုရင်ဆိုင်နေရပြီး အာဏာပိုင် များ တရားစွဲဆိုခဲ့သူများတွင်
လူ့အခွင့်အရေး ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
အုတ်ပုံကျေးရွာသားများလည်းပါဝင်ကာ ဟင်္သာတမြို့ထောင်တွင် အကျဉ်းကျခံနေရဆဲ
ဖြစ်သည်။ |