|
လယ်သမားအတွက် ဓါတ်မြေသြဇာများကို
ကိုယ်ကျိုးရှာရောင်းချခဲ့
ဗထူး။
ဇူလိုင် ၁၆၊ ၂၀၀၇
လယ်ယာစိုက်ပျိုးရန် ချထားပေးသည့် ဓါတ်မြေသြဇာအမြောက်အများကို
အာဏာပိုင်များက အလွဲသုံးစားပြုလုပ်ခဲ့သဖြင့် ဒေသခံလယ်သမားများ
အခက်အခဲနှင့်ကြုံတွေ့နေရသည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရှိ ကျေးရွာအုပ်စု (၉)စုမှ လယ်သမားများ
စပါးစိုက်ပျိုးရန် အတွက် ချပေးထားသည့် ဓါတ်မြေသြဇာများကို ကျေးရွာဥက္ကဋ္ဌ၊
ကြံ့ဖွံ့အဖွဲ့ဝင်နှင့် ဌာနဆိုင်ရာ
ဝန်ထမ်းများက ကုန်သည်များအား ရောင်းချခဲ့ခြင်းဖြစ်သည်။
“တချို့
ရကြတဲ့လယ်သမားတွေကလည်း ဓါတ်မြေသြဇာတအိတ်ကို အစိုးရသတ်မှတ်ဈေးက (၇၀၀၀)၊
အဲ့ဒါကို တအိတ်ကို (၁၂၀၀၀) ကနေ (၁၅၀၀၀) အထိ ဈေးတင်ပြီး ရောင်းချပေးခဲ့
တာ။ ၁၀ ဧက တအိတ်နှုန်း၊ ၈ ဧကနဲ့ ၅ ဧကကို တအိတ်နှုန်းလောက်ပဲ
သတ်မှတ်ရောင်းပေးခဲ့ တယ်”ဟု ဒေသခံလယ်သမားတဦးက ဆိုသည်။
သက်ဆိုင်ရာ
ဝန်ကြီးဌာနများမှ လယ်သမားအား ဓါတ်မြေသြဇာ အလုံအလောက် ရောင်းချပေး ရန်
သတ်မှတ်ထားသော်လည်း ဒေသအာဏာပိုင်များက ကိုယ်ကျိုးရှာခဲ့ခြင်းကြောင့်
၎င်းတို့ နစ်နာဆုံးရှုံးမှုများကို တိုင်ကြားခဲ့သော်
စစ်ဆေးရေးအရာရှိများကိုယ်တိုင် လာဘ်ငွေများ ရယူခဲ့ သည်ဟု ၄င်းက
ဆက်လက်ပြောဆိုသည်။
“လာစစ်တဲ့အရာရှိတွေကလည်း ငွေ (၁၅၀၀၀၀) ကနေ ငါးသိန်းအထိ လာဘ်စားနေကြတာ
ကြာပြီ၊ ပတ္တမြားကုန်းကျေးရွာအုပ်စုတခုတည်းကို ကျေးရွာက ၆ ရွာ၊ လယ်သမားက
၃၀၀ နဲ့ လယ်ဧက ၃၅၀၀၀ ရှိတယ်”ဟု လယ်သမားတဦးက ဆိုသည်။
ဓါတ်မြေသြဇာများ လုံလောက်စွာမရရှိသည့် ကျေးရွာအုပ်စုများမှာ
ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကန်စုအရှေ့အနောက်ကျေးရွာအုပ်စု၊
မြင်းကကုန်းကျေးရွာအုပ်စု၊ ကျီစုကျေးရွာအုပ်စု၊ ကျုံဖား ကျေးရွာအုပ်စု၊
လင်းတိုင်ကျေးရွာအုပ်စု၊ မယက်ကျေးရွာအုပ်စု၊ ငရုပ်ကောင်းကျေးရွာအုပ်စု၊
ဟိုင်းစီကျေးရွာအုပ်စုများ ဖြစ်သည်။
ထို့အပြင်
ပတ္တမြားကျေးရွာအုပ်စုမှ ရယကများနှင့် ဘဏ်ဝန်ထမ်းများကလည်း လာဘ်ငွေမပေး
သူများကို မျိုးစပါးနှင့် စိုက်ပျိုးစရိတ်ချေငွေများ
ထုတ်မပေးသည်နှင့်လည်း ဒေသခံလယ်သမား များ ကြုံတွေ့နေရသည်ဟု ဆိုသည်။
“လယ်သမားတဦးက ဘဏ်ကို ၁၅၀၀၊ ရယကကို ၁၀၀၀၊ ထောက်ခံစာအတွက် ၅၀၀၊
စုစုပေါင်း ငွေ ၃၀၀၀ မပေးရင် ချေးငွေမရဘူး။ ရယကဥက္ကဋ္ဌ အောင်သူ၊ အဖွဲ့ဝင်
ဝင်းခိုင်၊ စာရေးမ မေသန့်ဇင်နဲ့ ဘဏ်အတွင်းရေးမှူး စန်းယုတို့က
လာဘ်စားနေတာ” ဟု အဆိုပါလယ်သမားက ဆိုသည်။
စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း (၁၀) ဧကလျှင် ၂၂၀၀၀၊ ၃၅၀၀၀နှင့်
၄၀၀၀၀ စသည်ဖြင့် ညီမျှမှုမရှိသည့် နှုန်းထားများဖြင့်
ချေးပေးနေခြင်းဖြစ်ပြီး လယ်သမားအများစုမှာ ငွေမရှိသဖြင့်
အခက်အခဲများစွာ ကြုံတွေ့နေရသည်။ |