Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆည်အက်သဖြင့် ရေလွှတ်ချရာမှ လယ်ဧကထောင်ချီ၍ ရေနစ်မြုပ်

ဗထူး။ ဇူလိုင် ၂၃၊ ၂၀၀၇

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်ရှိ ဘော်ဘင်ဆည်အက်လာသဖြင့် ရေမထိန်းနိုင်တော့ပဲ လွှတ်ချခဲ့သဖြင့် လယ်ယာမြေဧက ထောင်ချီကာ ပျက်ဆီးဆုံးရှုံးခဲ့သည်။ 

ယခုလ (၂၀) ရက်နေ့က ဘော်ဘင်ဆည်တွင် ၁၄ ပေခန့် အက်ကြောင်းဖြစ်ပေါ်လာသောကြောင့် ရေလွှတ်ချရာမှ အဆိုပါမြို့နယ်အတွင်းရှိ လယ်ဧက ထောင်နှင့်ချီ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ယခုနစ်မြုပ်ခဲ့သည့် နေရာများမှာ ကြို့ပင်ကောက်အရှေ့ဘက် သပြေရုံ၊ မန်ကျီးတိုက်၊ ညောင် ဝိုင်း၊ ကျွန်းတော၊ မကျီးတော၊ စီပေါက်ပင်၊ အုန်းထွန်းတော၊ အင်းမကွင်း၊ ကြို့ပင်ကောက် တောင်ဘက် အရှေ့ကုန်းမကွင်း၊ အနောက်ကုန်းမကွင်း၊ ကြို့ကုန်း၊ စွယ်တော်ကွေ့ချောင်း စသည့် ကျေးရွာများမှ လယ်မြေဧက (၃၀၀၀)ကျော် ရေလွှမ်းမိုးပျက်စီးခဲ့ခြင်းဖြစ်သည်။  

မိုးရွာသွန်းမှုကြောင့် အဆိုပါမြို့နယ်ရှိ ဘော်ဘင်ဆည်မှ ရေမထိန်းနိုင်ပဲ လွှတ်ချခဲ့သည့်အတွက် ဆည်ရေကြောင့် ယခုလ (၂၀) ရက်နေ့မှ ယနေ့ထိ လယ်မြေများရေလွှမ်းမိုးခဲ့သည့်အတွက် စပါးပင်များ ပျက်စီးခဲ့ရခြင်းနှင့်ပတ်သက် ၍ ဒေသခံလယ်သမားတဦးက “ လယ်တွေမြုပ်တယ် ဆိုတာ ရေကြီးလို့မဟုတ်ဘူးဗျ၊ ဘော်ဘင်ဆည်က (၁၄) ပေ အက်ကြောင်းရှိတော့ ဆည်ရေ လွှတ်တာ၊ အဲ့ဒီရေက ကြို့ပင်ကောက်အရှေ့ဘက်နဲ့ ပတ်ဝန်းကျင်ရွာတွေက စပါးတွေ အကုန် လုံး ပျက်ကုန်တာပေါ့၊ ဧကသုံးလေးထောင်လောက် ပျက်စီးသွားတယ်ဗျာ၊ ဘယ်သူမှလည်း လာအကူအညီမပေးကြဘူး၊ ဆည်အက်လို့ရေကြီးတယ်ပဲ သိရတာ”ဟု ဆိုသည်။ 

ယခုလ (၂၀) ရက်နေ့ကလည်း ဇီးကုန်းမြို့နယ်အရှေ့ဘက် ဘော်ဘင်ဆည် အမှတ်(၁)နှင့် ဇီးကုန်းနှင့် နတ္တလင်းအကြားရှိ တောင်ညိုဆည်များမှ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေမထိန်းနိုင်တော့ပဲ လွှတ်ချရာမှ ဇီးကုန်းမြို့နယ် အရှေ့နှင့်အနောက်ဘက်မှ လူနေအိမ် ခြေများနှင့် လယ်ယာမြေဧက (၇၀၀) ကျော် ပျက်ဆီးဆုံးရှုံးခဲ့သည်။  

ယခုလ (၇) ရက်နေ့ကလည်း ငမိုးရိပ်ရေလှောင်တမံမှ ရေလွှတ်ချခဲ့သဖြင့် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်း လူနေအိမ်ခြေ သုံးထောင်ကျော် ရေနစ်မြုပ်ကာ လယ်မြေများ ရေနစ် မြုပ်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရသည်။ 

လဆန်းပိုင်းကလည်း ပဲခူးတိုင်း၊ မင်းလှမြို့နယ်အတွင်းရှိ ကိုင်တင်ဘီးလင်းဆည် ရေလွှတ်ချခဲ့ သဖြင့် လူနေအိမ်ခြေ (၇၀၀) ကျော် ရေနစ်မြုပ်ကာ စိုက်ပျိုးစ လယ်ယာမြေများစွာ ပျက်စီးဆုံးရှုံး ခဲ့သလို ရန်ကုန်တိုင်း၊ ဥက္ကံနှင့် တိုက်ကြီးမြို့နယ်အတွင်းရှိ လယ်ယာမြေအမြောက်အများလည်း ပျက်ဆီးဆုံးရှုံးခဲ့သည်။ 

ယခုနှစ် မိုးရွာသီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စစ်အစိုးရဆောက်လုပ်ခဲ့သည့် ဆည်များမှာ ရေဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိတော့ပဲ ရေလွှတ်ချရာမှ ပျက်ဆီးဆုံးရှုံးသည့် လယ်ယာမြေမြောက်များစွာရှိခဲ့ပြီး အဆိုပါဒေသမှ ဒေသခံလယ်သမားများ ကြီးမားသည့် အခက်အခဲနှင့် ရင်ဆိုင်နေရသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org