|
ဆည်ရေကြောင့် လယ်ယာနှင့်အိမ်ခြေအမြောက်အများ ရေနစ်မြုပ်
ဗထူး။
ဇူလိုင် ၆၊ ၂၀၀၇

မိုးရာသီအတွင်း စစ်အစိုးရဆောက်လုပ်ထားသည့် ဆည်များမှ ရေလွှတ်သည့်အတွက်
မြို့နယ် အချို့တွင် လယ်ယာနှင့်အိမ်ခြေအမြောက်အများ
ရေနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့သည်။
မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် စစ်အစိုးရပိုင် ဆည်များမှ ရေကို
ဆက်လက်မထိန်းသိမ်း နိုင်ဘဲ ဆည်ရေလွှတ်ခြင်းကြောင့် ရန်ကုန်တိုင်းနှင့်
ပဲခူးတိုင်းအတွင်းရှိ လယ်မြေများနှင့် လူနေရပ်ကွက်များ
ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်း(အနောက်)၊ မင်းလှမြို့နယ်အတွင်းရှိ ကိုင်တင်ဘီးလင်းဆည်မှ
မိုးများသဖြင့် ရေမထိန်းနိုင်တော့ဘဲ ဆည်ရေများ လွှတ်ချခဲ့ခြင်းကြောင့်
ယခုရက်ပိုင်းအတွင်း လယ်ယာနှင့် လူနေအိမ်ခြေများ ရေနစ်မြုပ်ခဲ့သည်။
မင်းလှမြို့နယ်အတွင်းရှိ မြောက်ဘက်မြို့သစ်၊ တောင်ဘက်မြို့သစ်၊
ပြည်တော်သာရပ်ကွက်၊ ကန်ဦးကွက်သစ် စသည့်နေရာများတွင် လူနေအိမ်များ
ရေနစ်မြုပ်ခဲ့ကာ စိုက်ပျိုးစ လယ်ယာမြေ များလည်း
ပျက်ဆီးဆုံးရှုံးခဲ့သည်။
“ကျွဲမကိုင်းရွာက ကိုင်တင်ဘီးလင်းဆည်ကို ရေးမထိန်းနိုင်တော့လို့
လွှတ်ချတာ။ လယ်တွေ ရေမြုပ်တယ်။ အိမ်ခြေ (၇၀၀)လောက် ရေမြုပ်ကုန်တယ်။
ရေဘေးဒုက္ခဖြစ်နေတာရယ်၊ ကျန်းမာရေးအရ စိုးရိမ်နေရတာရယ်ကို
အာဏာပိုင်တွေက လာမကြည့်ဘူး၊ ဒုက္ခမျိုးစုံရောက်နေ တာပေါ့” ဟု
မင်းလှမြို့မှ ဒေသခံတဦးက ဆိုသည်။
မိုးပြတ်သည့်ရက်များအတွင်း ဆည်မှ ရေမလွှတ်သဖြင့် စပါးများ
ဖြစ်သလိုစိုက်ပျိုးနေခဲ့ရာမှ ယခုရက်ပိုင်းအတွင်း မိုးများ၍
ဆည်ရေလွှတ်ခဲ့သည့်အတွက် စိုက်ပျိုးစ ပင်ပျိုများနှင့် စိုက်ပျိုးရန်
ထားရှိသည့် ပျိုးပင်များစွာ ရေနစ်မြုပ်ဆုံးရှုံးခဲ့သည်ဟု ၄င်းက
ဆက်လက်ပြောဆိုသည်။
အလားတူ
ရန်ကုန်တိုင်း၊ ဥက္ကံနှင့် တိုက်ကြီးမြို့နယ်ကြား ရထားလမ်း ဘေးရှိ
လယ်ယာမြေ အမြောက် အများမှာလည်း ယခုရက်ပိုင်းအတွင်း
ရေနစ်မြုပ်မှုများနှင့် ကြုံတွေ့နေရပြီး စိုက်ပျိုးခါစ
လယ်ယာမြေဆုံးရှုံးမှုများ ဖြစ်ပေါ်လျှက်ရှိသည်။
“အခု စပါးက
စိုက်ခါစရှိသေးတယ်။ ဆည်တွေဆောက်ပြီးမှ လယ်တွေ ရေနစ်ရေကြီးတာတွေ
အများဆုံး ဖြစ်လာတာ။ ကျနော်တို့လယ်သမားတွေနဲ့လည်း မြို့နယ်ကော
တိုင်းကရော ဘယ် အာဏာပိုင်မှ လာဆွေးနွေးတာမရှိဘူး” ဟု ဒေသခံလယ်သမားတဦးက
ဆိုသည်။
ဥက္ကံနှင့်
တိုက်ကြီးမြို့နယ်အကြား ရထားလမ်းနှင့် ကားလမ်းနဘေးရှိ လယ်ယာမြေနှင့်
ကျေးရွာများ ရေနစ်မြုပ်နေသည်ကို မည်သည့်အာဏာပိုင်များမှ
လာရောက်ကြည့်ရှုခြင်းမရှိသလို ကျောင်းသူ/ကျောင်းသားများမှာလည်း
သွားရေးလာရေးအခက်အခဲများနှင့် ကြုံတွေ့နေရကာ ကျန်းမာရေးအတွက်လည်း
စိုးရိမ်ရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရက
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်ဟုဆိုကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး
တိုးတက်ရေးအတွက် နိုင်ငံအနှံ့ ဆည်များကို ဆောက်လုပ်လျှက်ရှိရာ
အချို့ဒေသများမှာ အဆိုပါဆည်များကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့်
ရေနစ်မြုပ်သည့် ဘေးအန္တရာယ် များနှင့် ရင်ဆိုင်နေရပြီး
လယ်ယာမြေအမြောက်အများ ပျက်ဆီးဆုံးရှုံးလျှက်ရှိသည်။
“ကျေးရွာတွေမှာရှိတဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးကို
စိုးရိမ်နေရတယ်။ နောက်ပြီး ဝမ်းလျှော၊ ၀မ်းပျက်နဲ့ သွေးလွန်တုပ်ကွေးနဲ့
အခြား နောက်ဆက်တွဲရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်။
ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်မှုတွေလုပ်ဖို့ ဘာမှ လုပ်ပေးတာ
မရှိဘူး” ဟု ဒေသခံတဦးက ဆိုသည်။
ယခုအချိန်အထိ အဆိုပါ ရေနစ်မြုပ်သည့်ဒေသများတွင်
ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လယ်ယာမြေများ
ပျက်ဆီးဆုံးရှုံးနေခြင်းနှင့်ပတ်သက်၍ ဒေသခံအာဏာပိုင်များ လာရောက်
ဖြေရှင်းပေးခြင်း မရှိသေးပေ။ |