|
အမျိုးသားညီလာခံကို
ပြတ်ပြတ်သားသားဆန့်ကျင်ကြရန် (KNU) ထုတ်ပြန်
ရိုးမ ၃။
ဇူလိုင် ၁၇၊ ၂၀၀၇
စစ်အစိုးရကျင်းပနေသည့် အမျိုးသားညီလာခံကို
တိုင်းရင်းသားပြည်သူတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင်ကြရန်
ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့သဘောထား ထုတ်ပြန်လိုက်သည်။
၁၄ နှစ်ကြာ
ကျင်းပနေသည့် ညီလာခံအား နောက်ဆုံးကျင်းပခြင်းဖြစ်သည်ဟုဆိုကာ
မနက်ဖြန်တွင် စစ်အစိုးရက အမျိုးသားညီလာခံအား ပြန်လည်စတင်မည့်အချိန်တွင်
(KNU)က သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အချက် (၇)
ချက်ပါ အဆိုပါထုတ်ပြန်ချက်က ဖွဲ့စည်းပုံအခြေခံမူ (၆) ရပ်တွင်
ဖော်ပြထားသည့် အနာဂတ်နိုင်ငံရေးတွင် တပ်မတော်က
ဦးဆောင်မှုအခန်းမှပါဝင်ရမည်ဟု ပြဌာန်းထားခြင်းက ကျင်းပနေသည့် ညီလာခံသည်
အခြေခံကျကျ မှားယွင်းခဲ့သည်ဟုဆိုသည်။
ညီလာခံကျင်းပရေးကော်မရှင်ကို စိတ်ကြိုက်ဖွဲ့စည်းခြင်း၊
လုပ်ထုံးလုပ်နည်းများ တရားမျှတမှု မရှိခြင်း၊ ကိုယ်စားလှယ်အများစုသည်
နအဖ စိတ်ကြိုက်ရွေးထားသဖြင့် စစ်မှန်သော ကိုယ်စားလှယ်များ မဟုတ်ခြင်း၊
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ (NLD)ပါတီ ကိုယ်စားလှယ် များနှင့်
လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်ခြင်းမရှိသောကြောင့်
စစ်မှန်သည့် အမျိုးသားညီလာခံမဟုတ်ဟု ဆိုသည်။
ညီလာခံသက်တမ်းတလျှောက် ကိုယ်စားလှယ်များ တင်ပြချက်ကို လက်မခံခြင်း၊
ပယ်ဖျက်ခြင်း များ ပြုလုပ်ခဲ့သလို နည်းမျိုးစုံဖြင့်
ဖိအားပေးခဲ့ခြင်းများသာ ပြုလုပ်ခဲ့သည့်အတွက် တိုင်းရင်း သား
ပြည်သူများ၊ ၄င်းတို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ ဆန္ဒနှင့်
ဆန့်ကျင်နေရုံမက စစ်အာဏာရှင်ကြီးစိုးမှုကို တရားဝင်အောင်
ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အတွက်
နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး ဆက်လက်ကျဆင်းမှုကိုသာ
ဖြစ်ပေါ်လာမည့် ညီလာခံဆုံးဖြတ်ချက်များအား တပ်မတော်သားများအပါအ၀င်
တိုင်းရင်းသားပြည်သူတရပ်လုံး က ပြတ်ပြတ်သားသား
ဆန့်ကျင်တိုက်ဖျက်သွားရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်။
စစ်အစိုးက
မနက်ဖြန်တွင် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ ညောင်နှစ်ပင်တွင်
အမျိုးသားညီလာခံ အား ဆက်လက်ကျင်းပရန် စီစဉ်ထားပြီး
ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ ရောက်ရှိလာသည့်
သတင်းများကို သတင်းစာများနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဖော်ပြနေ
ခြင်းနှင့်အတူ အမျိုးသားညီလာခံဆောင်းပါးများကိုလည်း ဖော်ပြလျှက်ရှိသည်။
စစ်အစိုးရကျင်းပခဲ့သည့် ညီလာခံအတွင်း
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက တိုင်းရင်းသားများ၏
ရပိုင်ခွင့်နှင့် စစ်မှန်သည့် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် နှစ်ကြိမ်
တိုင်တိုင် အကြံပြုတင်ပြခဲ့သော်လည်း ညီလာခံကျင်းပရေးကော်မရှင်က
ပယ်ချခဲ့သည်။
ထိုသို့
အကြံပြုတင်ပြချက်များကို ပယ်ချခံခဲ့ရပြီးနောက် ညီလာခံတက်ရောက်နေသည့်
မွန်ပြည်သစ်ပါတီက ကိုယ်စားလှယ်စေလွှတ်ခြင်းမှရပ်ဆိုင်းကာ လေ့လာသူအဖြစ်သာ
ဆက်လက်တက်ရောက်ခဲ့သည်။
မကြာသေးမီကလည်း ညီလာခံတက်ရောက်နေသည့် အခြားဖိတ်ကြားသင့်သည့်
ကိုယ်စားလှယ် အစုအဖွဲ့မှ စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့်
ရှမ်းပြည်နယ် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးအဖွဲ့(ရလလဖ)မှ
လက်နက်ကိုင်အင်အား (၁၀၀) ကျော်က စစ်အစိုးရ နောက်ဆုံးကျင်းပမည့်
ညီလာခံသည် ဒီမိုကရေစီနှင့် တန်းတူရေးတို့အတွက် အာမခံချက်မရှိဟုဆိုကာ
ဒုဥက္က၏နှင့် စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီး ခွန်တီစောင်ဦးဆောင်၍
တောတွင်းသို့ ပြန်လည်ဝင်ရောက် လာခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်ကာ တိုင်းရင်းသားအင်အားစုများနှင့်
ဒီမိုကရေစီအင်အားစု များကို ပေါင်းစည်းထားသည့် တပ်ပေါင်းစုတခုဖြစ်သော
မြန်မာနိုင်ငံ ဒီမိုကရက်တစ်မဟာမိတ် များအဖွဲ့ချုပ်(DAB)ကလည်း
စစ်အစိုးရ၏အမျိုးသားညီလာခံကို အယုံအကြည်မရှိကြောင်းနှင့်
အဆိုပါညီလာခံမှ ထွက်ပေါ်လာမည့် ဖွဲ့စည်းပုံအား အသိအမှတ်မပြုကြောင်း
ယနေ့တွင် သဘောထားကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။ |