|
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူနှင့် ရွာသားများကို စစ်အစိုးရက
နှစ်ရှည်ထောင်ဒဏ်ချမှတ်
ဗထူး။
ဇူလိုင် ၂၄၊ ၂၀၀၇

လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများ(HRDP) အဖွဲ့ဝင်များနှင့်
ကျေးရွာသားများကို အမှုရင်ဆိုင်နေစဉ် အတွင်း ယနေ့တရားရုံးက
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
စစ်အစိုးရအာဏာပိုင်များ၏ မတရားသဖြင့် အကြမ်းဖက်ရိုက်နှက်မှုခံခဲ့ရသည့် (HRDP)
အဖွဲ့ဝင် များနှင့် ရွာသားများကို ယနေ့တွင် ဟင်္သာတမြို့နယ် တရားရုံးက
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ခြင်းဖြစ် သည်။
ကုလသမဂ္ဂ၏
လူ့အခွင့်အရေးကြေညာစာတမ်းပါ အချက်အလက်များအား ပြည်သူများအတွင်း ပညာ
ပေးလုပ်ငန်းများ လုပ်ဆောင်နေရာမှ ယခုနှစ်၊
ဧပြီလ (၁၈) ရက်နေ့က
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွာအနီးတွင် မြို့နယ်(မယက)၊
ရဲတပ်ဖွဲ့ဝင်များနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ရိုက်နှက်ခဲ့ သဖြင့်
(HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်နှင့် ကိုမောင်မောင်လေးတို့နှစ်ဦး
ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ပြီးနောက် (HRDP)အဖွဲ့က
အကြမ်းဖက်ရိုက်နှက်မှု တွင် ပါဝင်သော အာဏာပိုင်များအား
အမှုဖွင့်တရားစွဲဆိုခဲ့ရာ အာဏာပိုင်များကလည်း အပြန်အလှန်
တရားစွဲဆိုခဲ့သည့်အတွက် ဟင်္သာတမြို့နယ်တရားရုံးတွင် အဆိုပါအဖွဲ့ဝင်နှင့်
ရွာသားများမှာ မေလ (၂)ရက်နေ့မှစတင်ကာ ရဲအချုပ်ဖြင့် (၂)လခွဲကျော်ကြာ
အမှုရင်ဆိုင်ခဲ့ပြီး နောက် ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခံခဲ့ရသည်။
အာဏာပိုင်များက (HRDP)အဖွဲ့အား ပုဒ်မ ၅၀၅ (ခ) (ဂ)
နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ဆူပူအုံကြွရန်
သွေးထိုးလှုပ်ဆော်မှုများနှင့် ပြန်လည်တရားစွဲဆိုသည့်အမှုအပေါ် ယနေ့
တရားရုံး က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
“ကိုမြင့်လှိုင်က (၈)နှစ်၊ တမှုကို လေးနှစ်စီနဲ့ နှစ်မှုပေါင်းပေါ့။
ကျန်တဲ့လူတွေက လေးနှစ်စီလို့ ကြားပါတယ်။ တရားသူကြီးက ဦးအောင်မင်းထင်။
အာဏာပိုင်တွေကို စွဲထားတဲ့ကိစ္စက ဆက်စစ်နေတယ်၊ မပြီးသေးဘူး။
စုံစမ်းစစ်ဆေးမှုကိစ္စ ကြာညောင်းတဲ့ ကိစ္စပေါ့နော့်။ ရယက ဥက္ကဋ္ဌ တန်းစွဲတဲ့
၅၀၅ (ခ) (ဂ) တော့ တန်းလက်ခံတယ်။ တမန်စာစစ်တယ်။ ဒီဘက်ကစွဲတဲ့အမှု ကျတော့
တရားရုံးကို ဦးတိုက်လျှောက်ရတယ်။ တရားရုံးက ရဲကို ပြန်ချပေးတယ်။ ရဲက
အစီရင် ခံစာ ပြန်တက်တယ်။ တရားရုံးက ပြန်ချပေးတယ်။ အဲ့လိုနဲ့သွားနေတဲ့
အချိန်ကာလက ကြာနေ တယ်”ဟု (HRDP)အဖွဲ့ ဥပဒေအကျိုးဆောင်ရှေ့နေ
ဦးအောင်သိန်းက ဆိုသည်။
ယနေ့တရားရုံးက (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်အား ထောင်ဒဏ် (၈)နှစ်
ချမှတ်လိုက်ပြီး လူ့အခွင့်အရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့်
အုတ်ပုံကျေးရွာသား ကိုကျော်လွင်၊ ဦးလှရှိန်၊ ဦးမြစိန်၊ ဦးဝင်း၊
ဦးကိုမြင့်တို့ (၅)ဦးအား ထောင်ဒဏ် (၄)နှစ်စီ ချမှတ်ခဲ့သည်။
ဟင်္သာတမြို့နယ်တရားရုံးမှ ကိုမြင့်လှိုင်တို့ ပြန်လည်တရားစွဲဆိုထားသည့်
အမှုနှင့်ပတ်သက်၍ ရဲစုံစမ်းစစ်ဆေးရန် ချထားခဲ့သော်လည်း
အဓိကတရားခံများဖြစ်သည့် ဟင်္သာတမြို့နယ် ကြံ့ဖွံ့ အတွင်းရေးမှူး
ဦးညွန့်ဦးနှင့် တလုတ်ထော်ရဲစခန်းမှ ရဲအရာရှိများကို
စစ်ဆေးခြင်းမရှိပေ။
ရှေ့နေဦးအောင်သိန်းက (HRDP)အဖွဲ့ဝင်များ ပြန်လည်တရားစွဲဆိုထားသည့်
အမှုတွင် တရားလို သက်သေများ တင်ပြချက်တွင်ပါဝင်သည့်
အဓိကအာဏာပိုင်များအား ချန်လှပ်ထားသော်လည်း တရားလိုသက်သေများက
မျက်မြင်အဖြစ် တိကျစွာ တွေ့မြင်သည်ဟု ထွက်ဆိုပါက တရားဥပဒေ အရ
နောက်တိုးတရားခံများအဖြစ် ဆက်လက်လျှောက်ထားသွားမည်ဖြစ်ပြီး ယခုအမှုနှင့်
ပတ်သက်၍ ကိုမြင့်လှိုင်တို့အား ထောင်ဒဏ်ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်ကို
အထက်တရားရုံး များအထိ ဆက်လက်ရင်ဆိုင်သွားမည်ဟု ဆိုသည်။
“တရားမျှတမှု
ရှိတယ်၊ မရှိတယ် ပြောတာထက် ကျနော်တို့ ဒါက မူလရုံးကိုဗျ။ မူလရုံးရဲ့
ဆင်ခြင်တုံတရားနဲ့ သူ့ဟာသူချတာပေါ့။ အပေါ်ရုံးတွေ ရှိပါသေးတယ်။
တက်မှာပါ။ ကျနော်တို့ ရေဆုံးရေဖျားတက်မှာပါ။ ရုံးကုန်တဲ့အထိ တက်မှာပါ။
ရုံးကုန်တဲ့အထိ အမှန်တရားကို ကျနော်တို့ ရှာမှာပါ။
ကျနော်တို့ရှေ့နေရဲ့အလုပ်ပါ”ဟု ဦးအောင်သိန်းက ဆိုသည်။
၂၀၀၃
ခုနှစ်၊ မေလ (၃၀) ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် (NLD)
ပါတီဝင်များ အား အာဏာပိုင်များက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊
ကျည်ရွာအနီးတွင် အကြမ်းဖက် ရိုက်နှက်ခဲ့ရာ ပါတီဝင်အမြောက်အများ
သေဆုံးခဲ့သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်အား ထိုအချိန်မှစတင်ကာ ယခုအထိ
နေအိမ်အကျယ်ချုပ်ချထားခဲ့ပြီး အကြမ်းဖက် တရားခံများကို စစ်အစိုးရက
ဖော်ထုတ်ခဲ့ခြင်းမရှိပေ။
ယခုတကြိမ်တွင်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေး
ပညာ ပေးလုပ်ငန်းများ လုပ်ဆောင်နေသည့် (HRDP)အဖွဲ့ဝင်များအား
အာဏာပိုင်များက အကြမ်းဖက် ရိုက်နှက်ခဲ့ပြီး အဆိုပါအဖွဲ့ဝင်
ကိုမြင့်လှိုင်နှင့် လူ့အခွင့်အရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ
ကျေးရွာသား (၅)ဦးကို ဟင်္သာတမြို့နယ်တရားရုံးက နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခဲ့ခြင်းဖြစ် သည်။ |