|
စစ်အစိုးရက အမျိုးသားညီလာခံ ပြန်လည်စတင်ခြင်းနှင့်အတူ
တိုင်းရင်းသားများအား ညှင်းပန်းနှိပ်စက်နေဆဲဟုဆို
ဉာဏ်မောင်။
ဇူလိုင် ၂၁၊ ၂၀၀၇
စစ်အစိုးရသည် ယခုရက်ပိုင်းအတွင်း
အမျိုးသားညီလာခံ ပြန်လည်စတင်နေခြင်းနှင့်အတူ တိုင်းရင်းသားပြည်သူများအား
ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေဆဲဖြစ်သည်ဟု (Free Burma Rangers) အဖွဲ့၏
အစီရင်ခံစာကို ကိုးကားကာ (Asian
Tribune)သတင်းတခုက ဆိုသည်။
စစ်မက်ဖြစ်ပွားနေသည့် မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွင်
လူမှုရေးလုပ်ငန်းဆောင်ရွက်နေသည့် အဆိုပါအဖွဲ့၏ မေလနှင့် ဇွန်လအတွင်း
ကရင်ရွာသားများအပေါ် သတ်ဖြတ်ညှင်းဆဲမှုများကို ကိုးကား၍
သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရတပ်များက ဇွန်လအတွင်း ရွာလူကြီးတဦး၊ ကျေးရွာသား (၉)ဦး၊
ကလေးငယ်နှစ်ဦးကို သတ်ဖြတ်ခဲ့ကာ အမျိုးသမီးငယ်နှစ်ဦးအားလည်း
မုဒိန်းကျင့်သတ်ဖြတ်ခဲ့သည်ဟု အစီခံတွင် ဖော်ပြထားသည်။
ပီနနာရွာသူကြီးအား ဇွန်လကုန်ပိုင်းတွင် စစ်အစိုးရတပ်က
ဖမ်းဆီးခဲ့ပြီးနောက် လည်ချောင်းကို ခွဲကာ သတ်ဖြတ်ခဲ့ပြီး
ဖားပွန်မြို့နယ် ၊ လူသော်ကျေးရွာအုပ်စု၊ တက်ခဲ့ဒါးရွာမှ
အသက်(၁၈)နှစ်နှင့် (၂၂) နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးအား
တောင်ယာထဲတွင် ဖမ်းဆီးခဲ့သည်။ ထိုနောက် အဆိုပါအမျိုးသမီးငယ်နှစ်ဦးအား
မုဒိန်းကျင့်ပြီးနောက် နားရွက်နှင့် ရင်သားတို့ကို လှီးဖြတ်ကာ
သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့်လ (၂၃) ရက်နေ့ကလည်း ထီးကေဘလားရွာမှ အသက် (၄)နှစ်အရွယ်
ကျော်အားဝါး၊ အသက် (၁၃)နှစ်အရွယ် စောဖလားစိုးဆိုသူ ကလေးငယ်နှစ်ဦးနှင့်
အဖွားဖြစ်သူ အသက် (၆၅) နှစ်ရှိ နော်ဖလားဖိုးအပါအ၀င် မိသားစု (၅)ဦးကိုလည်း
သတ်ဖြတ်ခဲ့သေးသည်။
ကမ္ဘာ့တ၀ှမ်း
ခရစ္စယာန်သွေးစည်းညီညွှတ်ရေးအဖွဲ့ (CSW) ညွှန်ကြားရေးမှူး စတူးဝပ်ဝင်ဆာက
“အမျိုးသားညီလာခံဟာ စစ်အုပ်ချုပ်ရေးတိုးချဲ့ဖို့နဲ့
အခိုင်အမာတည်ဆောက်ဖို့အတွက် ဟန်ပြ လုပ်နေတာဖြစ်တယ်။ အဓိကကျတဲ့
ဒီမိုကရေစီအဖွဲ့များနဲ့ တိုင်းရင်းသားလူမျိုးစုများ မပါရုံမက
ပြည်နယ်များမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ
ဆက်လုပ်နေတာနဲ့ပတ်သက်လို့ ခိုင်မာ တဲ့
သက်သေအထောက်အထားတွေ ရှိနေတာကြောင့် ညီလာခံပြန်ကျင်းပနေခြင်းဟာ မရိုးသား
တဲ့ လုပ်ရပ်သာဖြစ်တယ်”ဟု ဆိုသည်။
စစ်အစိုးရတပ်ဖွဲ့များသည် တိုင်းရင်းသားနယ်မြေများအတွင်း
စစ်ဆင်ရေးများပြုလုပ်ရာတွင် ကျေးရွာသားများအား ပေါ်တာဖမ်းဆီးခြင်း၊
ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းနှင့် အမျိုးသမီးငယ်
များအပေါ် အဓမ္မပြုကျင့်ခြင်းများကို ပြုလုပ်လျှက်ရှိရာ စစ်အစိုးရနှင့်
ဆက်လက်တိုက်ခိုက် နေသော (KNU)အဖွဲ့အစည်း၏ လက်နက်ကိုင်တပ်ဖွဲ့များအား
ထိုးစစ်ဆင်နေသည့် နယ်မြေများ တွင် အဆိုးဝါးဆုံးအခြေအနေနှင့်
ရင်ဆိုင်နေရသည်။
ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာမှလည်း တိုင်းရင်းသားဒေသများသို့
စစ်ဆင်နေခြင်းနှင့် အဆိုပါ နယ်မြေများအတွင်း စစ်အစိုးရတပ်မှ
အပြစ်မဲ့ အရပ်သားပြည်သူများအား ညှင်းပန်း နှိပ်စက်နေမှုများ ရပ်တန့်ရန်
တောင်းဆိုခဲ့သော်လည်း တောင်ငူ၊ ညောင်လေးပင်၊ ဖားအံ၊
ဖာပွန်ခရိုင်များတွင် ယခုရက်ပိုင်းအတွင်း
ထိုးစစ်ဆင်မှုများ ဆက်လက်ပြုလုပ်လျှက်ရှိရာ ဒေသခံ ရွာသားအမြောက်အများ
နယ်စပ်သို့ ထွက်ပြေးခိုလုံနေကြရသည်။ |