|
ရွေးကောက်ပွဲအနိုင်ရ
တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန်
ဗထူး။
ဇူလိုင် ၁၂၊ ၂၀၀၇
၁၉၉၀ ခုနှစ်
မေလရွေးကောက်ပွဲတွင် မဲဆန္ဒအသီးသီး၌ အနိုင်ရရှိခဲ့သည့် တိုင်းရင်းသား
နိုင်ငံရေးပါတီများက ယမန်နေ့ထုတ်ပြန်ကြေညာချက်တစောင်
ထုတ်ပြန်လိုက်သည်။
စစ်အစိုးရက
၎င်းတို့ကျင်းပနေသည့် အမျိုးသားညီလာခံအား နောက်ဆုံးအကြိမ် ကျင်းပခြင်း
ဖြစ်သည်ဟု ပြောဆိုခဲ့ပြီးနောက် တိုင်းရင်းသားပါတီ (၁၁)ပါတီက ယခုကဲ့သို့
ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပင်လုံစိတ်ဓါတ်ကို ဖော်ကျူးရန် လိုအပ်ကြောင်း ယခုထုတ်ပြန်ချက်က
ပြောဆိုလိုက်ပြီး တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်
ပြည်သူလက်ဝယ်တွင်တည်ရှိသော အချုပ်အခြာအာဏာကို ထင်ဟပ်သည့်
ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုလားသည်ဟု ယနေ့ထုတ်ပြန်ချက်က ပြောဆိုလိုက်
သည်။
အချက်
(၄)ချက်ပါ ထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံ
နိုင်ငံရေး မူများအား ဦးစွာ ချမှတ်ရန်လိုအပ်ကြောင်း၊
အဆိုပါမူများရရှိရန် မြန်မာ့နိုင်ငံရေးအင်အားစု
အသီးသီး၏ တွေ့ဆုံဆွေးနွေးခြင်းရှိမှသာ ရှင်းလင်းပြတ်သားသည့် မူများ
ချမှတ်နိုင်မည်ဟု ဖော်ပြခဲ့သည်။
မြန်မာ့နိုင်ငံရေးပြေလည်ရန် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊
ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင် အပါအ၀င်
နိုင်ငံရေးအကျဉ်းသားအားလုံး၊ အမျိုးသားနိုင်ငံရေးအင်အားစုများဖြစ်သည့်
လွှတ်တော်ကိုယ်စားလှယ်များ၊ အပစ်ရပ်အဖွဲ့အစည်းများနှင့် စစ်အစိုးရတို့
တွေ့ဆုံဆွေးနွေးရန် လိုအပ်ပြီး အပြန်အလှန် လေးစားယုံကြည်သည့်
အဖြေရှာသောနည်းလမ်းသာ မှန်ကန် ကောင်းမွန်မည်ဟု ယုံကြည်သည်ဟု
သဘောထားထုတ်ပြန်ခဲ့သည်။
ယခုကြေညာချက်ထုတ်ပြန်သည့်အပေါ် “အဓိကရည်ရွယ်ချက်ကတော့
ညီလာခံကော်မရှင်ဥက္ကဋ္ဌ ကပြောတဲ့ ပြန်လည်ပြင်ဆင်ဖြည့်စွက်ပယ်ဖျက်ဖို့
ပြောလာတဲ့အပေါ်မှာ ကြိုဆိုတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေး
မလုပ်မဖြစ် လုပ်မှသာလျှင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို
ပြေလည်စေမယ်လို့ ယုံကြည်တဲ့အတွက် ကျနော်တို့ ဒီကြေညာချက်ကို
ထုတ်ပြန်ခြင်းဖြစ်ပါ တယ်” ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ၊ စစ်အစိုးရအဖွဲ့ဝင်
ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် က ညီလာခံအား
နောက်ဆုံးကျင်းပခြင်းနှင့်အတူ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊
ပယ်ဖျက်ခြင်း များကို ပြုလုပ်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက်
ကိုမင်းကိုနိုင်ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားများကလည်း အင်အားစုအား
လုံးပါဝင်နိုင်မည့် တွေဆုံဆွေးနွေးရေးဖြစ်စဉ်အား ထောက်ပြကာ ကြေညာတစောင်
ထုတ်ပြန်ခဲ့သည်။
စစ်အစိုးရက
ပြန်လည်ကျင်းပမည့် အမျိုးသားညီလာခံနှင့်ပတ်သက်၍ အပစ်ခတ်ရပ်စဲထားသည့်
အဖွဲ့များကလည်း ၄င်းတို့ရပိုင်ခွင့်များနှင့်ပတ်သက်၍
တင်ပြတောင်းဆိုမှုများကို ယခု အတည်ပြု မည့် ဖွဲ့စည်းပုံက
အာမခံမှုမပေးနိုင်ကြောင်း ပြောဆိုနေစဉ်အတွင်း တိုင်းရင်းသား
နိုင်ငံရေးပါတီ (၁၁) ပါတီက ၄င်းတို့သဘောထားကို
ယခုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
|