Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စီမံချက်ကြောင့် အဓမ္မစစ်မှုထမ်းရန် ကျောင်းသားတဦးအဖမ်းခံရ

ရိုးမ ၃။ ဇူလိုင် ၂၅၊ ၂၀၀၇

စစ်သားစုဆောင်းရေးစီမံချက်ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တဦး အဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရသည်။ 

ပဲခူးတိုင်းအတွင်း ယခုလတွင် စစ်သားစုဆောင်းရေးအတွက် စီမံချက်ချမှတ်ကာ လုပ်ဆောင်နေ ခြင်းကြောင့် ဇီးကုန်းမြို့မှ ကျောင်းသားတဦး စစ်မှုထမ်းခိုင်းစေရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ ရခြင်းဖြစ်သည်။ 

ဇီးကုန်းမြို့၊ မြို့မအလယ်တန်းကျောင်းမှ သတ္တမတန်းတွင် ပညာသင်နေသည့် အသက် (၁၅)နှစ် ရှိ မောင်သန့်ဇင်ဦးသည် နေအိမ်မှ ဗွီဒီယိုကြည့်ရန်သွားစဉ် ယခုလ (၉) ရက်နေ့က ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။ 

“ထမင်းစားပြီးတော့ အမေဆီက ငွေသုံးဆယ်တောင်းပြီး ဗွီဒီယိုကြည့်ဖို့သွားတာ မိုးချုပ်လည်း ပြန်မရောက်တော့ ညတွင်းချင်းရှာကြသေးတယ်၊ ဘယ်မှာမှမတွေ့ဘူး။ နောက်နေ့ထပ်ရှာမှ မြင်လိုက်တဲ့လူတွေက နင်တို့သား စစ်သားစုဆောင်းရေးက အတင်းခေါ်သွားတာတွေ့တယ်လို့ ပြောကြတယ်”ဟု မိသားစုဝင်တဦးက ဆိုသည်။ 

စစ်သားစုဆောင်းရေးတပ်တွင် သွားရောက်မေးမြန်းသည့်အခါတွင်လည်း မရှိကြောင်း၊ အဆိုပါ အမည်လည်းမရှိကြောင်း ပြောဆိုခဲ့သဖြင့် ပြန်လာခဲ့ရပြီး ယခုလ (၂၂) ရက်နေ့က အင်းမမြို့ အခြေစိုက် အမှတ် (၄) ခြေမြန်တပ်ရင်းတွင် ရောက်ရှိနေကြောင်း သိရသည်ဟုဆိုသည်။

သတ္တမတန်းတွင် ပညာသင်ကြားနေသည့် မောင်သန့်ဇင်ဦးသည် အဖ ဦးမြင့်ကျော်၊ အမိ ဒေါ်ရွှေလုံး (ခ) ဒေါ်စိုးသိန်းတို့နှင့်အတူ ဇီးကုန်းမြို့၊ ကျွန်းတောလမ်း၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်သည်။  

“စစ်သားတယောက်စုပေးလျှင် ငွေ(၃၀,၀၀၀)နဲ့ ဆန်တအိတ်ပေးတယ်။ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်မြို့နယ်တွေဘက်မှာ အခုလအတွင်း စီမံချက်နဲ့ကို စစ်သား စုဆောင်းနေတာ”ဟု ဒေသခံတဦးက ဆိုသည်။ 

စစ်အစိုးရအနေဖြင့် တနှစ်လျှင် တပ်သားသစ်စုဆောင်းမှုများကို သက်ဆိုင်ရာ တိုင်းအလိုက် ဦးရေသတ်မှတ်ချက်ပြည့်မီအောင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြားချက်များ ပေးပို့၍ စစ်သားသစ်များစုဆောင်းစေမှုကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များစွာ နှစ်စဉ် အဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံခဲ့ရသည်။ 

ပြီးခဲ့သည်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့ထိ  ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ရာဒီကာကုမာရဆွာမိ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး စစ်အစိုးရတပ်တွင်း ကလေးငယ်များ စစ်မှုထမ်းဆောင်နေခြင်းနှင့်  သက်ဆိုင်သည့် ကိစ္စရပ်များကို စစ်အစိုးရအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။ 

အဆိုပါ အထူးကိုယ်စားလှယ်က စစ်အစိုးရဖွဲ့စည်းထားသည့် ကလေးသူငယ်များအား စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေးကော်မတီဝင်များနှင့်လည်း တွေ့ဆုံခဲ့ကာ စစ်အခြေခံ လေ့ကျင့်ရေး ကျောင်းများသို့လည်း သွားရောက်လေ့လာခဲ့သည်ဟု ဆိုသည်။ 

စစ်အစိုးရအနေဖြင့် ၄င်းတို့လက်နက်ကိုင်တပ်ဖွဲ့များအတွင်း အရွယ်မရောက်သေးသူ ကလေး ငယ်များအား စစ်မှုထမ်းခိုင်းစေခြင်းမရှိကြောင်း ငြင်းဆိုနေသော်လည်း နိုင်ငံအနှံ့ ကလေးငယ် များ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံနေရဆဲဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များကလည်း စစ်အစိုးရတပ်များအတွင်း ကလေးငယ် (၇၀၀၀၀)ခန့် စစ်မှုထမ်းနေကြရသည်ဟုဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org