|
လူ့အခွင့်အရေးပညာပေးဌာန (၇)နှစ်မြောက်
အခမ်းအနားကျင်းပ
ရိုးမ ၃။
ဇူလိုင် ၁၇၊ ၂၀၀၇

လူ့အခွင့်အရေးပညာပေးဌာန(မြန်မာနိုင်ငံ) (HREIB) ဖွဲ့စည်းတည်ထောင်ခြင်း
(၇)နှစ်ပြည့် အခမ်းအနားတရပ်ကို ထိုင်း-မြန်မာနယ်စပ်တနေရာတွင်
ယနေ့နံနက်က ကျင်းပပြုလုပ်ခဲ့သည်။
နယ်စပ်ဒေသတလျှောက် လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့်
(HREIB) အဖွဲ့က ၂၀၀၀ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် ၄င်းတို့အဖွဲ့၏
နှစ်ပတ်လည်အခမ်းအနားကို ကျင်းပခဲ့ ခြင်းဖြစ်သည်။
စတင်ဖွဲ့စည်းစဉ်က လူ့အခွင့်အရေးပညာပေးလုပ်ငန်းများလုပ်ကိုင်ရန်
ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း တွင် လိုအပ်ချက်အရ အမျိုးသမီးအခွင့်အရေး၊
ကလေးအခွင့်အရေးနှင့် လူထုစည်းရုံးရေး လုပ်ငန်းများကိုပါ ကျယ်ပြန့်စွာ
လုပ်ကိုင်ခဲ့သည်။
မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ အဆိုပါအဖွဲ့၏
ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ပြည်တွင်းမှာ
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေတုန်းပဲ၊ လူ့အခွင့်အရေး
ပညာပေးလုပ်ဆောင်နေတဲ့သူတွေ ဆက်ပြီး အဖမ်းခံနေ့တုန်းပဲ ” ဟု ဆိုသည်။
ယနေ့ကျင်းပသည့် အဆိုပါအခမ်းအနားသို့ နိုင်ငံရေးအဖွဲ့အစည်းများ၊
လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ ကလေးငယ်များ စုစုပေါင်း အင်အား (၂၀၀)
ကျော် တက်ရောက်ခဲ့သည်။
ပထမဦးဆုံးအနေဖြင့် ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ (HREIB)
ဖြစ်ပေါ်လာပုံကို ရှင်းလင်းခဲ့ပြီး တက်ရောက်လာသည့် ပရိတ်သတ်များအား
လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးဆိုင်ရာနှင့်
အသွင်ကူးပြောင်းရေးကာ ဆိုင်ရာမေးခွန်းများကို မေးမြန်းခဲ့ပြီး ဖြေဆို
နိုင်သူများအား တီရှပ်အင်္ကျီလက်ဆောင်များ ပေးအပ်ခဲ့သည်။
လူ့အခွင့်အရေးပညာပေးလုပ်ငန်းများ လုပ်ကိုင်နေရာမှ နောက်ပိုင်းတွင်
လူထုကြားတွင် တကယ့်ဖြစ်ပျက်နေသည့် လူ့အခွင့်အရေးပြဿနာများကို
လူထုကိုယ်တိုင်ပါဝင်လာအောင် လှုပ်ဆော်ခဲ့ကြောင်း ဦးအောင်မျိုးမင်းက
ပြောဆိုခဲ့သည်။ ဆက်လက်၍ ၄င်းက “လုပ်ငန်းတွေ ပေါ်လာဖို့အတွက်
အိမ်တွင်းအကြမ်းဖက်မှုရပ်တန့်ရေး၊ ကလေးစစ်သားပပျောက်ရေး လုပ်ဆောင်မှုနဲ့
ကလေးကူးသန်းရောင်းဝယ်မှုတားဆီးရေး အစီအစဉ်ဆိုပြီးတော့ လုပ်ဆောင်
ချက်လုပ်ငန်း (၃) ခု လက်ရှိမှာ ချမှတ်လုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။
ယနေ့ကျင်းပသည့်အခမ်းအနားတွင် (CDC) မယ်တော်အထက်တန်းကျောင်းမှ
ကျောင်းသား/သူ များက ကိုယ်တိုင်ရေးစပ်ထားသည့် ကလေးအခွင့်အရေးဆိုင်ရာ
သီချင်းဖြင့် တက်ရောက်လာသူ များအား ဖြေဖျော်ခဲ့ကြသည်။ |