|
စစ်အစိုးရ၏
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ ဂျပန်နှင့် စင်္ကာပူသို့
ပညာသင် ကြားခွင့် စေလွှတ်ခံရမည့် ကျောင်းသားများသည် ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)၀င် များ ဖြစ်ရမည်ဟု ယခုလ (၁၅) ရက်နေ့
ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည့်အတွက် ကျောင်းသားအများစုက
မကျေမနပ်ဖြစ်ကြသည်။
ဂျပန်နိုင်ငံ Japan IMF Scholarship Program နှင့် စင်္ကာပူနိုင်ငံ Dr.
Goh Keag Scholarship တို့မှ ပညာသင်ခေါ်ယူသည့် အစီအစဉ်များအတွက် ယခုလ
(၂၄) ရက်နေ့ ညနေ (၄) နာရီ နောက်ဆုံးထား၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့
လျှောက်လွှာတင်ရမည်ဖြစ်ပြီး ကြံ့ဖွံ့ဝင်ဖြစ် ကြောင်း
ထောင်ခံချက်ပါရှိရမည် ဖြစ်သည်။
“ရွာသာကြီးက
စီးပွားရေးတက္ကသိုလ်မှာ ကပ်ထားတာ။ စာမေးပွဲဖြေဖို့ သွားလျှောက်တဲ့အခါ
ကြံ့ဖွံ့ဝင်ဖြစ်ကြောင်း ထောက်ခံချက် လိုတယ်။ နောက်ပြီး
အသင်းဝင်ရက်စွဲအပါအ၀င် တက်တက်ကြွကြွနဲ့ လုပ်ခဲ့တဲ့ လှုပ်ရှားမှု၊
ကြံ့ဖွံ့မှာ တက်ခဲ့တဲ့သင်တန်း ဒါတွေ အကုန်ပါရမယ်။ အချက်အားလုံး (၄)
ချက်ဗျ၊ ကျောင်းသားအများစုကတော့ တော်တော်မကျေနပ်ဘူး”ဟု
အမည်မဖော်လိုသည့် စီးပွားရေးတက္ကသိုလ် ကျောင်းသားတဦးက ဆိုသည်။
အဆိုပါ
ပညာသင်သွားရောက်သူများသည် ပြီးဆုံးသည့်အခါ မြန်မာပြည်သို့ ပြန်လာပြီး
မူလ တာဝန်များကို ဆက်လက်လုပ်ဆောင်ရမည့်အကြောင်း သက်ဆိုင်ရာ
တက္ကသိုလ်နှင့်ဌာနတို့မှ ပါမောက္ခနှင့် ပါမောက္ခချုပ်တို့၏
တာဝန်ခံလက်မှတ်ရေးထိုးထားသည့် ထောက်ခံချက် (၃)စုံကိုပါ
ပူးတွဲတင်ပြရမည်ဟု သူက ဆက်ပြောသည်။
“ဒါ
သက်သက်မဲ့ ကြံ့ဖွံ့အသင်းဝင် များအောင်လုပ်တာ။ ကြံ့ဖွံ့တွေပဲ
စာသင်ခွင့်ပေးမယ်ဆိုတဲ့ သဘောပေါ့။ ပါတီနိုင်ငံရေးကင်းရှင်းကြောင်းလည်း
ပါချုပ်တွေရဲ့ ထောက်ခံချက်ပါ တင်ရမယ် တဲ့။ အဲ့ဒီလိုကိုဖြစ်နေတော့
တော်တော်များများ မကျေနပ်ကြဘူး”ဟု အဆိုပါကျောင်းသားက ဆက်လက်ပြောဆိုသည်။
“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ တင်းပြည့်ပါတီဝင်က ၂၅ မှတ်၊
အရံပါတီဝင်က ၁၀ မှတ်၊ ပါတီမိတ်ဆွေက ၅ မှတ် အလိုလျှောက်ပေးတယ်လေ။
ပါတီမ၀င်တဲ့သူကတော့ ခွဲတမ်းအရ အမှတ် ၁၀၀ မှာ ၂၅ မှတ် ရှုံးနေပြီ၊
ခုလိုလုပ်လိုက်တော့ ကြံ့ဖွံ့မ၀င်ရင် ဘယ်သူမှ ပညာသင်ခွင့်
မရှိတော့ဘူးဆိုတဲ့ သဘောဆိုတော့ သိပ်ကိုလွန်သွားပြီ”ဟု (မဆလ)ခေတ်တွင်
ပညာသင် စာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့ဖူးသူတဦးက ဆိုသည်။
ပညာရေးစီမံကိန်းများနှင့် ပတ်သက်၍ မြန်မာပြည်တွင် ယူနီဆက်၊ ယူနက်စကို၊
ကိုလံဘို စီမံကိန်းများ မြောက်မြားစွာ ရှိနေသောကြောင့် ယခုကဲ့သို့
ကန့်သတ်လိုက်ခြင်းဖြင့် လူငယ် အများစု ပညာသင်ခွင့်ဆုံးရှုံးသွားပြီးဟု
၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံတကာကျောင်းများသို့ ၎င်းတို့၏မိသားစုများနှင့်
ဆွေမျိုးများ၏ သားသမီးများကို အများအပြား စေလွှတ်နေပြီး
စင်္ကာပူနိုင်ငံတွင် အများစုဖြစ်သည်ဟု သတင်း များကဆိုသည်။
ယခုကဲ့သို့
ပညာသင်စေလွှတ်မည့် ကိစ္စများတွင် ကြံ့ဖွံ့အဖွဲ့ဝင်ဖြစ်ရမည်ဆိုသည့်
ကန့်သတ် ချက်ကို ပညာရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်လိုက်မှုကြောင့်
သာမန်ကျောင်းသားအများစု အတွက် နိုင်ငံခြားသို့
ပညာသင်ကြားခွင့်နည်းပါသွားပြီ ဖြစ်သည်။ |