|

ကုလသမဂ္ဂလုံခြုံရေးကော်စီသို့ မြန်မာအရေးဆုံးဖြတ် ချက်အဆိုကို
ဆက်လက်တွန်းအားပေးရန် အင်္ဂလန် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဝန်ကြီး
အိုင်ယန်မတ်ကာ နေက လွှတ်တော်တွင် မဲဆွယ်စည်းရုံလျက်ရှိသည်။
မြန်မာပြည်မှ ချင်း၊ ကချင်တိုင်းရင်းသားကိုယ်စားလှယ် အဖွဲ့နှင့်
ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့သော အစည်းအဝေး တွင် အင်္ဂလန်အစိုးရအနေဖြင့်
နိုင်ငံတကာ အသိုင်း အ၀ိုင်းအား မြန်မာအရေးကိစ္စကို ဆက်လက်
ဆောင်ရွက်ရန်အတွက် မဲဆွယ်စည်းရုံးနေကြောင်း ၀န်ကြီးက ပြောခဲ့သည်။
ဝန်ကြီးသည်
မြန်မာကိစ္စကို အထူးစိတ်ဝင်စားလျှက် ရှိပြီး တရုတ်နှင့်
ရုရှားနိုင်ငံအပါအ၀င် ဒေသတွင်းရှိနိုင်ငံများနှင့်
အာဆီယံအဖွဲ့ဝင်နိုင်ငံများကို လည်း ဆက်လက်စည်းရုံးဖို့ ဆန္ဒရှိကြောင်း
ပြောခဲ့သည်။
ချင်းဒေသ
အမျိုးသမီးအဖွဲ့ချုပ်နှင့် ချင်းတိုင်းရင်းသူအဖွဲ့မှ ကိုယ်စားလှယ်
ချယ်လီဇဟောင်က “၀န်ကြီးက ကျမတို့ကို ပြောတာကတော့ သူတို့ အစိုးရအနေနဲ့
လုံခြုံရေးကောင်စီမှာတင်မဲ့ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်လို့
ခိုင်ခိုင်မာမာ ရပ်တည်မှာဖြစ်ကြောင်းနဲ့ တရုတ်နှင့်ရုရှား
အစိုးရတို့ရဲ့ လုပ်ပိုင်ခွင့်အာဏာများကိုလည်း
ဆက်လက်စည်းရုံးသွားမယ်လို့ပြောခဲ့ပါတယ်”ဟု ပြောသည်။
ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အတင်းအဓမ္မအလုပ်ခိုင်းစေနေမှု၊
အဓမ္မ နေရာ ပြောင်းရွှေ့စေမှု၊ မုဒိန်းမှုများ
ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေမှုများနှင့် ဘာသာရေးလွတ်လပ်ခွင့်ကို
အကြမ်းဖက်နှိပ်ကွပ်နေမှုများကို အဓိကထားကာ
တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့က ၀န်ကြီးကိုတင်ပြခဲ့သည်ဟု သူမက
ဆက်လက်ပြောဆိုသည်။
ဇန်န၀ါရီလ
၂၃ ရက်နေ့က အင်္ဂလန်အခြေဆိုက် ကမ္ဘာ့တ၀ှမ်း ခရစ်ယာန်ဘာသာ သွေးစည်း
ညီညွတ်ရေးအဖွဲ့(CSW)၏ ‘လက်ဝါးကပ်တိုင်ကို
သယ်ဆောင်ခြင်း’ခေါင်းစဉ်တပ်ထားသော အစီရင်ခံစာတွင် စစ်အစိုးရ၏ ခရစ်ယာန်
ဘာသာဝင်များအပေါ် ညှင်းပန်းဖိနှိပ်မှု၊ ရာဇ၀တ်ပြု ကျင့်မှု၊
သာသနာပြုရာတွင် တားဆီးဟန့်တားနေမှု စသည့် မြန်မာပြည်မှ ခရစ်ယာန်ဘာသာကို
အမြစ်မကျန် သုတ်သင်ရှင်းလင်းမည့် စီမံချက်များကို တင်ပြခဲ့သည်။
“ဒီစီရင်ခံစာ ပထမပိုင်းမှာ ခရစ်ယာန်ဘာသာအပေါ် ညှင်းပန်းဖိနှိပ်မှုများ
ရှိနေသလို မူစလင် ဘာသာကိုလည်း ညှင်းပန်းနှိပ်စက်နေမှုများရှိနေပြီး
မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးများကို လည်း ဖမ်းဆီးချုပ်နှောင်ထားမှုများ
ရှိကြောင်း ပြည့်ပြည့်စုံစုံ ထည်းသွင်းဖော်ပြထားပါတယ်”ဟု CSW
တောင်အာရှဥပဒေရေးရာ ဘန်နီဒစ်ရော်ဂျာက ဆိုသည်။ |