Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အင်န်အယ်ဒီပါတီဝင်နှင့်ပြည်သူအချို့ ရိုက်နှက်ခံရ

 

ဗထူး။ ဇန်န၀ါရီ ၁၆၊ ၂၀၀၇

 

 

အင်န်အယ်ဒီပါတီဝင်အချို့နှင့် ပြည်သူများအား ရွှေတိဂုံစေတီ အရှေ့ဘက်မုခ်တွင် ပြည်ထောင် စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့)နှင့် စွမ်းအားရှင်အဖွဲ့များက ယနေ့နေ့လည် (၁)နာရီခန့်က ရိုက်နှက်ခဲ့သည်။

အပတ်စဉ် အင်္ဂါနေ့တိုင်း ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲများ ပြုလုပ်နေသည့် NLD ပါတီဝင်များနှင့် ပြည်သူ အချို့အား အာဏာပိုင်များရှေ့တွင် အင် အား ၅၀၀ ခန့်ရှိသည့် ကြံ့ဖွံ့နှင့် စွမ်းအားရှင်အဖွဲ့များ က ၀ိုင်းရံထား၍ ရိုက်နှက်မှုအချို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“လူတော်တော်များတယ်၊ ဆူညံဆူညံနဲ့ဆိုတော့ ဘာဖြစ်လဲမသိဘူးလို့ ကျမတို့ ပြေးဆင်း ပြီးတော့ ကျမတို့ ထွက်တာပေါ့လေ။ ထွက်လည်းထွက်ရော ကျန်တဲ့ပြည်သူတွေပါ ရပ်ကြည့် နေတယ်။ ရပ်ကြည့်တဲ့အချိန်မှာ ဘုရားဖူးတက်ဖို့ဆိုပြီးတော့ ပန်းစည်းလေးတွေကိုင်လာတယ်။ အေးအေးချမ်းချမ်းနဲ့ဘုရားပေါ်တက်တဲ့ လူကိုတော့ ဆူပူနှောင့်ယှက်တယ် ဆိုပြီးတော့ တွန်းတယ်ဆိုတာ မကောင်းဘူး။ တကယ်ကို မင်းမဲ့ သိပ်ဆန်နေတယ်။ မင်းမရှိတဲ့ နိုင်ငံလို လုပ်နေပါလားလို့ ကျမက ကျယ်ကျယ်နဲ့ပြောတယ်”ဟု သာမန်ဘုရားဖူးလာသည့် မင်္ဂလာ တောင်ညွန့်မြို့ နယ်မှ ဒေါ်စန်းစန်းမြင့်က ဆိုသည်။

အဆိုပါအဖြစ်အပျက်ဖြစ်နေစဉ် ရဲတပ်ဖွဲ့၊ ဘုရားရဲနှင့် စစ်ထောက်လှမ်းရေးများ နောက်တွင် အသင့်ပြင်ထားသော လူရမ်းကားတစုက `အဖျက်သမားတွေ သွားကြ’ဟု အော်ဟစ်ကာ ဘုရားပေါ်တက်ရောက်မည့် အင်န်အယ်ဒီ ပါတီဝင်များအားနှောင့်ယှက်၍ အကြမ်းဖက်လုပ်ရပ် များ ပြုလုပ်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဘုရားပေါ်တက်ပြီးတော့ ဆူပူသောင်းကျန်းတာဟာ သက်သက်မွေးထားတာပဲဆိုတာ ထင်ကို ထင်ရှားတယ်။ အရင်တုန်းက ကျမတို့က မမြင်တော့ ကောလဟာလပဲ အောက်မေ့တာ အခုတော့ မျက်မြင်သက်သေ ထင်ထင်ရှားရှားကို တွေ့ရတာ။ တော်တော်ဝမ်းနည်းဖို့ ကောင်းပါ တယ်လို့၊ အဲလို ထောက်လှမ်းရေးတွေ အရှေ့မှာကို ကျမက ပြောတယ်။ မောင်သန်းမြင့်ဇော် ဆိုတာ ဟိန္ဒူအမျိုးသားလေးပါ။ သူက ဗုဒ္ဓဘာသာကိုးကွယ်တာ။ မင်းက ကုလားပဲ၊ ဘာလို့ ဘုရားလာတာလည်း ဆိုပြီး ပါးရိုက်တယ်။ သူ့ကို ပါးရိုက်လိုက်တော့ ကျမ မခံနိုင်တော့ဘူး။ ရှိနေတဲ့ တာဝန်ရှိသူတွေကို ပြောတယ်။ ဒီလိုပဲ လစ်လျူရှုထားလားလို့ ထပ်ပြောလိုက်တယ်။ ရဲစခန်းမှာ တိုင်မယ်၊ ကိုယ်တိုင်သက်သေခံလုပ်မယ်လို့ ပြောလိုက်တယ်”ဟုဆိုသည်။

ယင်းကဲ့သို့အခင်းဖြစ်ပွားနေစဉ်တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ ဒုတိယ ဗိုလ်မှူးကြီး သိန်းထိုက်ဦးကိုယ်တိုင် ရှိနေပြီး ကြံ့ဖွံ့နှင့် ရဲအယောင်ဆောင် ရဲသတင်းအထူး တပ်ဖွဲ့ (SB) အရာရှိနှစ်ဦးက အချက်ပြစေခိုင်းနေသည်ဟု ညောင်တုန်းမြို့နယ်မှ မိမိ ယုံကြည် ချက်ဖြင့် လာရောက်ခဲ့သူ ကိုထွန်းထွန်းက ဆိုသည်။

ကြံ့ဖွံ့နှင့်စွမ်းအားရှင်အဖွဲ့များသည် စနစ်တကျ စီမံရောက်ရှိနေခြင်းဖြစ်ပြီး တုတ်၊ ဓါး၊ လက်နက် များအား စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအောက်တွင် သိုဝှက်ထားရှိပြီး ထမင်းစားချိန် တွင် တဦးလျှင် ဒန်ပေါက်တထုတ်ကျ လိုက်လံဝေငှနေကြောင်း အမည်မဖော်လိုသည့် ထမင်းဆိုင် အလုပ်သမားတဦးက ဆိုသည်။

“ဒီနေ့ဖြစ်စဉ်တွေကို ကျမတို့မှာ မတရားခံရလို့ လာတိုင်တာလို့ ပြောတော့ တစ်ယောက်ပဲ လာပါ။ မဟုတ်ဘူး။ တစ်ယောက်စီတိုင်ရမှာ အဲဒါမှ လေးယောက်ကို ၀င်ခွင့်ပြုတယ်။ ကျန်တဲ့ လူခြောက်ယောက်က အပြင်မှာ နေခဲ့ရတယ်။ ကျမတို့ လေးယောက်ဝင်သွားတဲ့အခါကျတော့ စားပွဲမှာထိုင်နေတဲ့လူက တစ်ပွင့်နဲ့ အရာရှိပေါ့နော်။ ဘာဖြစ်တာလဲ။ ကျမတို့က အမှုလာတိုင်တာပါ။ ကျမတို့ ဒီနေ့ဘုရားမှာ လူအုပ်ကြီးနဲ့ တွန်းထုတ်ပြီးတော့ ဘုရားရှိခိုးတာ ကိုလည်း နှောင့်ယှက်တာပေါ့။ လာတိုင်တာပါဆိုတော့ ဒုရဲအုပ်က အမှုကို စရေးတယ်”ဟု ဒေါ်နော်အုံးလှက ဆိုသည်။

နောက်ပိုင်းတွင် စခန်းမှူးရောက်ရှိလာပြီး ပင်နီအင်္ကျီနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်များ ၀တ်ဆင်ကာ ဆူပူရန် ဆောင်ရွက်သည်ဟုဆိုကာ အမှုဖွင့်၍မရနိုင်ကြောင်း ပြောဆိုသည်ဟု ၎င်းက ဆိုသည်။

၂၀၀၄ ခုနှစ်၊ မေလ (၃၀)ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဒီပဲယင်းနှင့် ကြည်ရွာအကြား တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အင်န်အယ်ဒီအဖွဲ့ဝင်များအား စစ်အစိုးရက ရိုက်နှက် ခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာ စောင့်ကြည့်နေသည့်ကြားမှ ယခုကဲ့သို့ ရန်ကုန်မြို့လယ် လူစည်ကားရာ နေရာတွင် အကြမ်းဖက်လုပ်ရပ်များကို စစ်အစိုးရက ပြောင်ပြောင်တင်းတင်း ကျူးလွန်လာခဲ့ခြင်းဖြစ်သည်။

“ကျမတို့နိုင်ငံမှာ ဥပဒေစိုးမိုးမှု မရှိတော့ဘူးလို့နားလည်တယ်။ အာဏာပိုင်တွေကိုယ်တိုင် ပါဝင်ပတ်သက်တယ်ဆိုတာ ထင်ရှားတယ်။ ဒီလိုဖြစ်လို့ နောက်တော့မဆုတ်ပါဘူး။ အသက်ပေးပြီးကို ဆက်လုပ်သွားအုံးမယ်”ဟု ဒေါ်နော်အုံးလှက ဆက်လက်ပြောဆိုခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org