Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

လှိုင်သာယာစက်မှုဇုံ ၂ တွင် အလုပ်သမားများဆန္ဒပြမှုဖြစ်ပွား

 

ရိုးမ ၃။ ဇန်န၀ါရီ ၈၊၂၀၀၇

 

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံ ၂ ရှိ Myanmar Yes အထည်ချုပ်စက်ရုံတွင် အလုပ်ပိတ်ရက်များ အလုပ်မပိတ်ပေးခြင်းနှင့် အချိန်ပိုခိုင်းစေမှုများကြောင့် အလုပ်သမားများဆန္ဒပြမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

နှစ်စဉ်အလုပ်ပိတ်နေကျဖြစ်သည့် ဇန်န၀ါရီလ ၁ ရက်နေ့တွင် အလုပ်မပိတ်ပေးသည့်အပြင် ည ၈ နာရီခွဲထိ အလုပ်ဆင်းပေးရန် အလုပ်ရှင်က တောင်းဆိုသည်ကို အလုပ်သမားများက မကျေမနပ်ဖြစ်၍ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ကြောင်းနှင့် ထိုနေ့တွင် ဆန္ဒပြသည့်အနေဖြင့် ညနေ ၄ နာရီခွဲထိသာ အလုပ်ဆင်း၍ စက်ရုံရှိ အလုပ်သမားတ၀က်ခန့်သည် အိမ်ပြန်သွားခဲ့ကြောင်း အလုပ်သမတဦးက ပြောသည်။

၎င်းက “ကျမတို့ နောက်တနေ့ အလုပ်ဆင်းချိန်မှာ ကားကြိုပို့ စီစဉ်မပေးဘူး၊ ပြီးတော့ ကိုယ့်ဘာသာလာတာ ကျမတို့ကို စက်ရုံထဲဝင်ခွင့်မပေးဘူး။ လက်မှတ်ထိုးခိုင်းပြီးမှ ၀င်ခိုင်းတယ်။ ဒါနဲ့ ကျမတို့က မယကရုံးကို ဖုန်းဆက်ပြီး တိုင်တယ်ပေါ့၊ တိုင်တော့ အလုပ်သမားရုံးက လာပြီးတော့ ညှိနှိုင်းပေးတယ်”ဟု ပြောသည်။

တလလျှင် တနင်္ဂနွေတရက်နှင့် နိုင်ငံတော်ရုံးပိတ်ရက်မှလွဲ၍ မည်သည့်ရက်မှ စက်ရုံမပိတ်နိုင်ကြောင်းကို သိရှိသည့်လက်မှတ်နှင့် စက်ရုံစည်းကမ်းများကို လိုက်နာပါမည်ဟု ၀န်ခံသည့် လက်မှတ်များ ထိုးပြီးလျှင် စက်ရုံထဲသို့ဝင်နိုင်ကြောင်း စက်ရုံအ၀င်ဝတွင် ကပ်ထားသည်ကို အလုပ်သမားရုံးတာဝန်ရှိသူများက သီးခြားသတ်မှတ်ထားသော စည်းကမ်းများကို အလုပ်သမားအနေဖြင့် လိုက်နာရန်မလိုဘဲ အလုပ်သမားဥပဒေအတိုင်းသာ လိုက်နာရန်လိုသည်ဟုဆိုကာ ဖြေရှင်းပေးသွားကြောင်း သူမက ဆက်ပြောသည်။

ထို့နောက် ဇန်န၀ါရီ ၃ ရက်နေ့တွင် ဆန္ဒပြအလုပ်သမားများကို အလုပ်ပြန်ဆင်းခွင့်ပြုလိုက်ရာ အလုပ်သမား (၂၀၀၀)ကျော်က ထပ်မံဆန္ဒပြ၍ လစာတိုးတောင်းခဲ့သည်။ အဆိုပါဆန္ဒပြမှုတွင် လွတ်လပ်ရေးနေ့ အလုပ်ဆင်းပေးရန်ပြောသည်ကို ကန့်ကွက်၍ အလုပ်ပိတ်ရန် တပါတည်းတောင်းဆိုခဲ့သည်။

အလုပ်သမားရုံးမှ တာဝန်ရှိသူများနှင့် လုံခြုံရေးရဲများက ဇန်န၀ါရီလ (၅)ရက်နေ့တွင် စက်ရုံသို့ မနက်စောစော လာရောက်၍ ဆန္ဒမပြရန် လက်မှတ်ထိုးခိုင်းသည်ကို အလုပ်သမားများက လက်မှတ်မထိုးဘဲ ပုံမှန်လစာထုတ်၍ ညနေ (၆)နာရီတွင် အလုပ်ဆင်းခဲ့သည်။

ဇန်န၀ါရီ (၆)ရက်နေ့တွင် အလုပ်သမားရုံးတာဝန်ခံများအား စက်ရုံတာဝန်ရှိသူများက  ဇန်န၀ါရီ (၃)ရက်နေ့ ဆန္ဒပြသူမျာနှင့် ပြေလည်မှုရရှိသွားပြီဟု လိမ်ညာပြီး စက်ရုံမှလိုက်လျောမှုများကို အလုပ်သမားများလက်ခံသည်ဟုဆိုကာ အလုပ်သမားများကိုယ်စား အလုပ်ခေါင်းဆောင်များကို လက်မှတ်ရေးထိုးခိုင်းပြန်သဖြင့် အလုပ်သမားများ မကျေမနပ်ဖြစ်ကာ ဆက်လက်ဆန္ဒပြခဲ့သည်။

ယခုဖြစ်ပွားနေသော ဆန္ဒပြမှုသည် အစိုးရ၀န်ထမ်းများ လစာတိုးပေးပြီးနောက်ပိုင်း လှိုင်သာယာစက်မှုဇုံတွင် ပထမဆုံးဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် လစာတိုးမြှင့်ပေးရန်တောင်းဆိုမှုများကို အလုပ်ရှင်က လိုက်လျောခြင်းမပြုလျှင် ဆန္ဒပြမှုမှာ ကြီးမားသည့် ပြဿနာဖြစ်လာနိုင်ကြောင်း စက်ရုံနှင့်နီးစပ်သူတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org