|
ယခုလ
(၁၀)ရက်နေ့က ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်
သေဆုံးသွားသူအမှုအား မိသားစုဝင် များက ပြည်ထဲရေးဝန်ကြီးထံ
သက်သေအထောက်အထားများတင်ပြ၍ ပြီးခဲ့သည့် (၁၄)ရက်နေ့က တိုင်ကြားလိုက်သည်။
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့တွင် နေထိုင်သူ အသက် (၂၀)နှစ်ရှိ
ကိုချန်ကွမ်း (ခေါ်) ကိုမြင့်သိန်းအား မြို့နယ်ရဲစခန်းမှ
ဒု-ရဲအုပ်စိုးမိုးနှင့် ရဲသား (၇)ယောက်က ဖမ်းဆီးခဲ့ပြီး နောက်တနေ့တွင်
သေဆုံးခဲ့သည်ကို အာဏာပိုင်များက ငြင်းဆိုထားသောကြောင့် ယခုကဲ့သို့
တိုင်ကြားလိုက်ခြင်းဖြစ်သည်။
ကိုမြင့်သိန်းအား နေအိမ်မှလာရောက်ခေါ်ယူသွားပြီး နောက်တနေ့
နေ့လည်(၁၁)နာရီခန့်က ပန်းတနော်ဆေးရုံ သန့်ရှင်းရေးအဆောင်
ကွပ်ပျစ်ပေါ်တွင် လက်ထိပ်ခတ်ထားကာ ဒဏ်ရာ များဖြင့် သေဆုံးသည့်အလောင်းကို
မိသားစုဝင်များက တွေ့ရှိခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်၍ အာဏာပိုင်များအနေဖြင့်
ရိုက်နှက်ညှင်းပမ်းမှုမရှိဘဲ ငှက်ဖျားရောဂါ ကြောင့်သာ ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း သတင်းဌာနများသို့ ပြောဆိုခဲ့သည်။
ဇနီးဖြစ်သူ
မချမ်းငြိမ်းခိုင်ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် စာမျက်နှာ
(၂)မျက်နှာပါ ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်ထံ လိပ်မူထားသည့်
တိုင်ကြားစာတွင် မသင်္ကာဖွယ်ရာ လူသတ်မှု ကျူးလွန်သော တာဝန်ရှိသူ ရဲများအား
ဥပဒေနှင့်အညီ အရေးယူပေးရန် တိုင်ကြားတောင်းဆို ထားသည်။
မငြိမ်းချမ်းခိုင်သည် မအူပင်မြို့မှ ကိုမြင့်သိန်းနှင့်အတူ
ပန်းတနော်မြို့သို့ ခိုးရာလိုက်ပြေးခဲ့ပြီး နောက် (၆)ရက်အကြာတွင်
ယခုကဲ့သို့ လင်ဖြစ်သူမှာ အာဏာပိုင်များ၏ နှိပ်စက်ညှင်းပမ်းမှု ကြောင့်
သေဆုံးခဲ့ရခြင်းဖြစ်သည်။ |