Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

နယ်စပ်ကလေးများနေ့ အခမ်းအနားကျင်းပ

 

ကောင်းမြတ်ကျော်။ ဇန်န၀ါရီ ၁၀၊ ၂၀၀၇  

 

 

ပထမဆုံးအကြိမ် နယ်စပ်ကလေးများနေ့အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့၌ ဒီကနေ့ မနက်ပိုင်းတွင် ကျင်းပသည်။

အခမ်းအနားကို နယ်စပ်ဒေသကလေးများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ကမကထပြု ကျင်းပခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာကော်မတီ(BMWEC)၊ မြန်မာရွှေ့ပြောင်း ဆရာ၊ ဆရာမများ အစည်းအရုံး(BMTA)နှင့် နယ်စပ်ကလေးများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက ပူးပေါင်းပါဝင်ခဲ့ကြ သည်။

နယ်စပ်ရှိ လူမျိုးဘာသာပေါင်းစုံ ကလေးငယ်များ နှစ်ထောင်ခန့်နှင့် မဲဆောက်မြို့ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့သည့် အဆိုပါ အခမ်းအနားကို မဲဆောက်မြို့ပိုင် Mr Suchat Suwankart က ဖွင့်လှစ်ပေးကာ အမှာစကား ပြောကြားခဲ့သည်။

“ဒီနယ်စပ်မှာရှိတဲ့ ကလေးသူငယ်အားလုံးကို အကူညီပေးရမယ်၊ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ သူတို့ကို ပညာသင်ပေးရမယ်။ ဒါမှ အနာဂတ် ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ လူတော်လူကောင်း လေးတွေ ဖြစ်လာမယ်”ဟု Mr Suchat Suwankart က အမှာစကားတွင် ထည့်သွင်းပြောကြား သည်။

သူက မဲဆောက်မြို့ကို ငြိမ်းချမ်းစေချင်သလို ထိုင်း-မြန်မာနှစ်နိုင်ငံစလုံးကို အေးချမ်းစေချင် ကြောင်း၊ အသားအရောင်ခွဲခြားမှုနှင့် ငြိမ်းချမ်းရေးကို ပျက်ပြားစေသည့် စစ်ပွဲများ၊ အကြမ်းဖက် တိုက်ခိုက်မှုများကို မလိုလားမနှစ်သက်ကြောင်း၊ ထိုကြောင့် နယ်စပ်ကလေးများများနေ့ ဆောင်ပုဒ်အဖြစ် “ကလေးသူငယ်တွေဟာ ကမ္ဘာကြီးကို သာယာလှပစေတယ်”(Children Make The World Beautiful)ဟု သတ်မှတ်ခဲ့ကြောင်း ဆက်ပြောသည်။

အခမ်းအနားတွင် ကလေးများအတွက် အစားအသောက်၊ အ၀တ်အထည်နှင့် အခြား လက်ဆောင်ပစ္စည်းများကို ဝေငှပေး၍ ပျော်ပွဲရွှင်ပွဲများကိုလည်း ပြုလုပ်ပေးခဲ့သည်ကို တွေ့ရ သည်။ ထို့ပြင် တက်ရောက်လာသည့် ကလေးများမှ မြန်မာတိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေကပြခဲ့ကြသည်။

မြန်မာသင်္ကြန်ရိုးရာအကတွင် ပါဝင်ကပြခဲ့သူ မမေဒါလီမောင်က “ သမီးတို့ ဒီလိုပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲနေရတာ သမီးတို့နိုင်ငံမှာ မဟုတ်ဘူးပေါ့နော်၊ ထိုင်းနိုင်ငံက လူတွေ ပြုလုပ်ပေးတာ ဖြစ်တယ်။ တကယ်လို့ သမီးတို့သာ ကိုယ့်မြန်မာနိုင်ငံမှာ လုပ်ခွင့်ရမယ်ဆိုရင် သမီးနှင့်တကွ ဒီနယ်စပ်မှာရောက်နေကြတဲ့ သူတွေအားလုံး ဒီထက်ပိုပြီး ပျော်လိမ့်မယ်လို့ ထင်ပါတယ်”ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၅၁ ကျောင်းနှေင့် ကျောင်းသူ/သား ပေါင်း ၅,၄၂၅ ယောက်ကို ထိုင်းပညာရေးဌာနတွင်  စာရင်းပေသွင်းထားပြီး လက်ရှိ နယ်စပ်ဒေသတွင် တရားမ၀င် မြန်မာစာသင်ကျောင်းပေါင်း (၅၄) ကျောင်းရှိနေပြီး ကျောင်းသူ/သား (၆,၀၀၀)ကျော် ပညာသင်ကြားလျက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org