|
ယနေ့နေ့လည်
၁ နာရီခန့်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်စာတိုက်
စာရွေးဌာနတွင် ဗုံးတလုံး ပေါက်ကွဲခဲ့သည်။
ပြည်တွင်းပြည်ပ စာရွေးဌာနတွင် ပါဆယ်ပြုလုပ်ထားသည့်
စာအိတ်ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူနှစ်ဦးထက်မနည်း
ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်မြို့ခံတဦးက ဆိုသည်။
“စာတိုက်အတွင်းထဲမှာ ကွဲတာ။ နောက်ဆုံးသိရတာကတော့ စာတိုက်ထဲမှာ
ဗုံးကွဲတာ လူသုံးယောက်ထိသွာ တယ်လို့ ပြောနေကြတယ်။ အဲဒီထဲမှာဆိုတော့
စာရွေးတာ ဘာညာ လုပ်တော့ သူတို့ဝန်ထမ်းတွေပါမှာပေါ့”ဟု
ဗုံးပေါက်ကွဲရာသို့ ရောက်ရှိခဲ့သော မြို့ခံတဦးက ဆိုသည်။
ဗုံးပေါက်ကွဲပြီးနောက် အချိန်အနည်းငယ်အတွင်းတွင် ရွှေဂုံတိုင်ရှိ
(ရွှေဂုံတိုင်တာဝါ) အဆောက်အဦပတ်လည်နှင့် ရွှေဂုံတိုင်လမ်းမ၀ဲယာတွင်
ရဲတပ်ဖွဲ့များဖြင့် လုံခြုံရေး တိုးမြှင့်ချ ထားလိုက်ပြီး
စာတိုက်အနီးသို့ သွားရောက်ကြည့်ရှုခွင့်မရနိုင်အောင်
တားဆီးထားကြောင်းနှင့် ယခုဖြစ်ရပ်မှာ ၂၀၀၇ ခုနှစ်ဆန်းပိုင်းတွင်
ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်နှစ်များကဲ့သို့ ဗုံးပေါက်ကွဲမည်ဆိုသည့်
ကောလဟာလများ ထွက်ပေါ်နေခြင်းမရှိသည့်ကြားမှ ရန်ကုန်တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပြည်သူလူထုများ
ရင်ဆိုင်ကြုံတွေ့နေရ သည့် အခက်အခဲများကို စာဖြင့်ရေးသားပေးပို့တင်ပြရန်
ဇန်န၀ါရီလ (၄)ရက်မှ စတင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား များမှတဆင့်
လိပ်မူထားသည့် စာအိတ်နှင့် စာရွက်အလွတ်များ တနိုင်ငံလုံးသို့
ဖြန့်ဝေသည့် (ရင်ဖွင့်စာ) လှုပ်ရှားမှု စတင်ခဲ့ပြီး ၁၁ ရက်မြောက်နေ့တွင်
ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
|