Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အစည်းအဝေးကို စွမ်းအားရှင်များက ခြိမ်းခြောက်

 

ဗထူး။ ဇန်န၀ါရီ ၃၀၊ ၂၀၀၇

 

ယခုလ ၂၅ ရက်နေ့က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အင်န်အယ်ဒီ(NLD) ပါတီ၏ လစဉ် ပြုလုပ်သည့် မြို့နယ်စည်းရုံးရေးအဖွဲ့ဝင်များ၏ အစည်းအဝေးကို အာဏာပိုင်များနှင့် စွမ်းအား ရှင်အဖွဲ့အင်အား (၁၀၀) ကျော်က အင်အားပြခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ် (NLD)ဥက္ကဌ ဦးအောင်ခင်ဗိုလ်နေအိမ်တွင် အစည်းအဝေးပြုလုပ်နေစဉ် တာဝန်ဆိုသည့် လတ်ပတ်များတပ်ဆင်ထားသော စွမ်းအားရှင်အဖွဲ့များက နေအိမ်ပတ်လည် တွင် နေရာယူထားကာ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်သည်။

“ဦးအောင်ခင်ဗိုလ်အိမ်ရှိတဲ့ မြို့မ(၇)ရပ်ကွက်တလျှောက် နေရာအနှံ့ကို တာဝန်ဆိုတဲ့ လက်ပတ် တွေနဲ့  စွမ်းအားရှင်တွေကို ချထားတာ အရင်တုန်းက ဒါမျိုးတခါမှ မဖြစ်ခဲ့ဘူး”ဟု (NLD)ပါတီ ၀င်တဦးက ဆိုသည်။

နံနက် ၁၀ နာရီတွင် မြို့နယ်ဆွမ်းလောင်းအသင်းဥက္ကဌ ဦးအောင်ညွန့်က ဦးအောင်ခင်ဗိုလ်အား စကားပြောဆိုရန်ရှိသည်ဟုဆိုကာ မြို့မဆွမ်းလောင်းရုံသို့ ခေါ်ယူမေးမြန်းခဲ့ပြီး နေ့လယ် (၂) နာရီတွင် ပြန်လည်ရောက်ရှိလာသည်။ ဦးအောင်ညွန့်သည် မြို့နယ်ကော်မရှင် အဖွဲ့ဝင်တဦး ဖြစ်ပြီး အမျိုးသားညီလာခံ ကိုယ်စားလှယ်တဦးလည်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆို သည်။

‘ခင်ဗျားတို့ နိုင်ငံရေးလုပ်တာ မြို့နာတယ်။ မြို့နယ်လည်း ဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုး တက်ဘူး’ဟု အဆိုပါ အမျိုးသားညီလာခံ ကိုယ်စားလှယ်က ဦးအောင်ခင်ဗိုလ်အား ပြောဆိုခဲ့ ကြောင်း မြို့ခံတဦးကဆိုသည်။ အမှန်တွင် အာဏာပိုင်များအနေဖြင့် နိုင်ငံရေးလုပ်သူများကို နှောင့်ယှက်ရာတွင် ၄င်းတို့အား အမှုမပတ်အောင် ယခုကဲ့သို့ မြို့မိမြို့ဖများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောဆိုသည်။

အဆိုပါ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ဘိုကလေးမြို့ပေါ်ရှိ တယ်လီဖုန်းလိုင်းများ ဖြတ်တောက် ထားပြီး ရဲနှင့် စွမ်းအားရှင်များသည် လ္ဘက်ရည်ဆိုင်၊ ဗွီဒီယိုရုံ၊ ပညာရေးကောလိပ်၊ ရဲကင်းရုံး စသည့် နေရာအသီးသီးတွင် အင်အားများ ဖြန့်ခွဲချထားပြီး မြို့သစ်ရပ်ကွက် ဥက္ကဌနေအိမ်တွင် ချက်ပြုတ်ကာ ထမင်းထုတ်များ လိုက်လံ ဝေငှခဲ့ကြောင်း မျက်မြင် မြို့ခံတဦးက ဆိုသည်။

စစ်အစိုးရအနေဖြင့် နိုင်ငံတ၀ှမ်း (NLD)ပါတီနှင့် နိုင်ငံရေးလှုပ်ရှားသူများကို မျက်ခြေမပြတ် စောင့်ကြည့်ခြင်းနှင့် နှောက်ယှက်ဖျက်ဆီးခြင်းများကို ပြုလုပ်ရာတွင်  စွမ်းအားရှင်၊ ကြံ့ဖွံ့နှင့် ရဲများကို အသုံးပြုလျှက်ရှိရာ ယခုလ (၁၆)ရက်နေ့ကလည်း အပတ်စဉ် အင်္ဂါနေ့တိုင်း ၀တ်ပြု ဆုတောင်းပွဲပြုလုပ်ခဲ့သည့် (NLD) ပါတီဝင်များအား ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် ကြံ့ဖွံ့နှင့် စွမ်းအားရှင်တို့က အင်အား (၅၀၀)ခန့်ဖြင့် နှောင့်ယှက်ခဲ့ကြသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org