Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အဖမ်းအဆီးများကြောင့် အလုပ်သမားသုံးထောင်ကျော် ရှောင်တိမ်းနေရ

 

ဗထူး။ ဇန်န၀ါရီ ၂၂၊ ၂၀၀၇

 

ယခုလ ၁၇ ရက်နေ့မှစတင်၍ ထိုင်းအာဏာပိုင်များက မဲဆောက်မြို့တွင် အလုပ်လုပ်ခွင့် လက်မှတ်မရှိသူ မြန်မာအလုပ်သမားများကို လိုက်လံဖမ်းဆီးခဲ့ရာ ယနေ့အထိ အလုပ်သမား    ၃ ထောင်ကျော်မှာ တောတွင်းနှင့် နေအိမ်များအသီးသီးတွင် ထွက်ပြေးပုန်းရှောင်နေရသည်။

ယခင်နှစ်ကုန်ပိုင်းက ထုတ်ပြန်သည့် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားအလုပ်သမား ၆၆၈,၅၇၆ ဦးအတွက် အလုပ်လုပ်ခွင့်သက်တမ်း တိုးမြှင့်ပေးမည့် ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ချက် ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စတင်ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

“ကျနော်တို့စက်ရုံမှာက အလုပ်သမား ၅၀၀ ကျော်ရှိတယ်။ လက်မှတ်မရှိသူက ၄၀၀ လောက် ဆိုတော့ ၁၀၀ ကျော်ပဲ အလုပ်ဆင်းနိုင်တယ်။ စက်ခုံ ၄၀၀ လောက်က လွတ်နေတာပေါ့။ အားလုံးရှောင်ပုန်းနေရတယ်။ တချို့လည်း မြ၀တီဘက်မှာပေါ့”ဟု ဟုန်ဖိုင်ရပ်ကွက်ရှိ ကိုရီးယား အထည်ချုပ်စက်ရုံမှ အလုပ်သမားတဦးက ဆိုသည်။

ယခုဖမ်းဆီးနေသည့်အဖွဲ့မှာ ဘန်ကောက်မှဖြစ်ပြီး လေ့ကျင့်ထားသော အနံ့ခံခွေးများပါဝင်ကာ စက်ရုံပြင်ပနှင့် အခြားနေရာများတွင် ရှာဖွေနေခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆို သည်။ ယခုထွက်ပြေးတိမ်းရှောင်နေရသည့် အလုပ်သမားအများစုသည် အလုပ်လုပ်ခွင့် လက်မှတ် သက်တမ်းကုန်ဆုံးနေသူများနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိသူများဖြစ်ပြီး အလုပ်ရှင်များက ရဲအာဏာပိုင်များသို့ တလလျှင် ဘတ်ငွေ (၁၀၀) မှ (၂၀၀) ထိ ပေးဆောင်၍ အလုပ်စေခိုင်းခဲ့သူများ ဖြစ်သည်။

အလုပ်လုပ်ခွင့်သက်တမ်းများကို ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ထိုင်းအစိုးရက (၃)လ၊ (၆)လ၊ (၁)နှစ် စသည်ဖြင့် တိုးပေးခဲ့ပြီးနောက်ပိုင်း အလုပ်ရှင်များက အလုပ်သမားများထံမှ လစဉ် လက်မှတ်သက်တမ်းတိုးရန် လုပ်ခငွေထဲမှ ဖြတ်တောက်ခဲ့သော်လည်း အလုပ်လုပ်ခွင့်သက်တမ်း ကုန်ဆုံးနေသည်ကို မသိရသော အလုပ်သမားအများစုပါဝင်သည်ဟု သိရသည်။

“ဇန်န၀ါရီ (၁၀)ရက်ကနေ ဖေဖော်ဝါရီ (၂၈)ရက်ကြားထဲမှာ လက်မှတ်လုပ်မဲ့ကိစ္စအတွက် ဖိအား ပေးတဲ့ သဘောပါမယ်လို့ ကျနော်ထင်တယ်။ ဒီ ရဲကြေးပြဿနာ၊ ရဲကြေးပေးရတဲ့ကိစ္စက မဖြစ် သင့်တဲ့ကိစ္စ။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ငန်းရှင် အတော်တော်များများက အလုပ်သမားတွေကို လက်မှတ်လုပ်ပေးဖို့အတွက် သူတို့မှာ တာဝန်ရှိတယ်။ ဒါပေမယ့် ရှင်းရှင်းပြောရရင် သူတို့က အလုပ်သမားတွေကို လက်မှတ်မရှိဘဲ အလုပ်လုပ်ခိုင်းခြင်းအားဖြင့် တချိန်မှာ သူတို့ အလုပ် ထုတ်ချင်တဲ့အခါ အချိန်မရွေး အလုပ်ထုတ်လို့ရအောင် ဒီနည်းနာကို သူတို့လုပ်ထားတာ ဖြစ်တယ်”ဟု ရောင်ခြည်ဦးအလုပ်သမားအဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

အလုပ်သမားများအား အလုပ်ရှင်များက လိုချင်တဲ့အချိန်တွင် ခေါ်ခိုင်းကာ မလိုအပ်တော့သည့် အခါ အလုပ်မှ ထုတ်လိုက်ခြင်းဖြစ်ပြီး ယခုကဲ့သို့ အလုပ်သမားများ ဒုက္ခရောက်နေသည့်အချိန် တွင် ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးအတွက် အလုပ်ရှင်များအနေဖြင့် တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယခုကဲ့သို့ အလုပ်သမားများ တိမ်းရှောင်နေရသည့်ကိစ္စသည် မဲဆောက်မြို့ရှိ အလုပ်ရုံပိုင်ရှင် အများစုက အာဏာပိုင်များထံ လာဘ်ငွေထိုး၍ ထိုင်းနိုင်ငံအလုပ်သမားဌာနသို့ အခွန် တိမ်းရှောင်ခြင်းဖြစ်သည့်အပြင် ထိုင်းအစိုးရ ဥပဒေပြဋ္ဌာန်းချက်တွင် အလုပ်သမားများကိုယ်တိုင် လက်မှတ်သက်တမ်းတိုးခွင့်မရှိဘဲ အလုပ်ရှင်ကသာ တိုးခွင့်ရှိသဖြင့် အလုပ်သမားများမှာ အလုပ်ရှင်၏ခေါင်းပုံဖြတ်မှုနှင့် ထိုင်းအာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကို ခံစားနေရခြင်းသာ ဖြစ်သည်ဟု ကိုမိုးဆွေက ဆက်လက်ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org