|
မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး
လျင်မြန်စွာဖြစ်ပေါ်စေရေးအတွက် အာဆီယံထိပ်သီး စည်းဝေးပွဲတွင်
အာဆီယံအဖွဲ့ဝင် (၉)နိုင်ငံမှ တိုက်တွန်းလိုက်သည်။
မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)
ခေါင်းဆောင်များကိုယ်တိုင် တက်ရောက်ခဲ့သော ဇန်န၀ါရီလ (၁၂)ရက်မှ
(၁၅)ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင်
(၄)ရက်ကြာ ကျင်းပသည့် (၁၂) ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲမှ
ကြေညာချက် တစောင် ထုတ်ပြန်၍ ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်
နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန် အဆိုပါ
ကြေညာချက်တွင် ဖော်ပြထားသည်။
အာဆီယံထိပ်သီးစည်းဝေးပွဲကြေညာချက်တွင် မြန်မာပြည်သည်
ဒီမိုကရေစီရေးတိုးတက်မှု နှေးကွေးနေခြင်းကြောင့်
စိတ်ကသိကအောင့်ဖြစ်ကြောင်း ဖော်ပြထားသည့်အတွက် အာဆီယံမှ
မြန်မာနိုင်ငံအပေါ် လွှမ်းမိုးမှုများ ပိုများလာသည်ဟုဆိုကာ အဆိုပါ
ထုတ်ပြန်ကြေငြာကို မနှစ်သက်ကြောင်း မြန်မာစစ်အာဏာပိုင်များက
တုန့်ပြန်ခဲ့သည်။
အာဆီယံထိပ်သီးစည်းဝေးပွဲသို့ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်၊
သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့လည်း တက်ရောက်၍
အာဆီယံခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ
စီးပွားရေးဆိုင်ရာ သဘောတူညီမှုများကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)တွင် ဘရုနိုင်း၊ မြန်မာ၊
ကမ္ဘောဒီယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊
ထိုင်းနှင့် ဗီယက်နမ်တို့ပါဝင်သည်။ |