Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အမျိုးသမီးရေးရာအဖွဲ့ ငွေကောက်ခံ

 

ဗထူး။ ဖေဖော်ဝါရီ ၁၃၊ ၂၀၀၇

 

စစ်အစိုးရဖွဲ့စည်းထားသည့် အမျိုးသမီးရေးရာအဖွဲ့ချုပ်က ရိုးရာဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ အတွက်ဟု ဆိုကာ ပြည်သူလူထုများထံမှ အဓမ္မငွေကြေးကောက်ခံခဲ့သည်။

ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့တွင် ယခုလ ၁၀ ရက်နေ့က မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ဦးစီး၍ မယကအမိန့်ဖြင့် ပြည်သူလူထုများ၊ လုပ်ငန်းရှင်များထံမှ မထည့်မနေရ ငွေကြေး ကောက်ခံခဲ့ခြင်းဖြစ်သည်။

“မြို့ပေါ်မှာက ၁၄ ရပ်ကွက်ရှိတယ်။ တရပ်ကွက်ကို လက်မှတ်အစောင် ၃၀ မယူမနေရစနစ်နဲ့ အဓမ္မကို ရောင်းနေတာ။ တစောင်ကို တထောင်၊ နှစ်ထောင် အစားစားရှိတယ်။ လောင်းကစား ဒိုင်တွေဆီကတော့ တဦးကို တထောင်တန် ငါးစောင် မယူမနေရ ယူခိုင်းတယ်”ဟု မြို့ခံတဦးက ဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်တဦးလျှင် ၂,၀၀၀ ထောင်တန် လက်မှတ် ၅ စောင် ၀ယ်နေရကာ မြို့ပေါ် ရပ်ကွက်အသီးသီးတွင်လည်း တအိမ်ထောင်လျှင် ၅၀၀ ကျပ်နှုန်း လိုက်လံကောက်ခံနေပြီး (ရယက)ဥက္ကဌများ၏ဇနီးများက ငွေကြေးကောက်ခြင်းကို ဦးဆောင်နေကြောင်း၊ စာရေးကုန်း ရပ်ကွက်တွင် (ရယက)ဥက္ကဌ ကျော်နိုင်၊ ဇနီး ၀င်းဝင်းခိုင်နှင့် အမျိုးသမီးရေးရာမှနှစ်ဦး ပါဝင် သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

“လူတချို့က အဆင်မပြေလို့ ၃၀၀ ပဲယူဖို့ တောင်းပန်တာလည်းမရဘူး။ ၅၀၀ ရာပဲထည့်ရမယ်၊ ဒါ (မယက)ကနေ ကောက်ခိုင်းတာဆိုပြီး အော်ငေါက်ပြီးတော့ကိုတောင်းတာ”ဟု ငွေကြေး ထည့်ဝင်ခဲ့ရသူတဦးက ဆိုသည်။

အဆိုပါငွေကောက်ခံနေမှုသည် ယခုလ (၈) ရက်နေ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူအများစုမှာ စားဝတ်နေရေး လုံးပမ်းနေရချိန်၊ ကုန်ဈေးနှုန်းအဆမတန်တက်နေသည့်အချိန်တွင် ပြည်သူ လူထု၏ အခြေအနေဘယ်လိုရှိသည်ဆိုသည်ကို မတွေးတော့ဘဲ ယခုကဲ့သို့ ငွေကြေးကောက်ခံ နေမှုကို မည်သူမျှ ကျေနပ်မှုမရှိဘဲ အချို့က သက်ဆိုင်ရာအဆင့်ဆင့်သို့ တိုင်ကြားမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

စစ်အစိုးရဖွဲ့စည်းထားသော ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ စွမ်းအားရှင် စသည့် အသင်းအဖွဲ့များသည် နိုင်ငံအနှံ့တွင် အသင်းရံပုံငွေအတွက်ဟုဆိုကာ ပွဲအမျိုးမျိုးကို ကျင်းပ၍ လောင်းကစားဝိုင်းများ၊ အရက်ဆိုင်များကို တရားဝင်ခွင့်ပြု၍ လောင်းကစားဒိုင်နှင့် ဆိုင်ပိုင်ရှင်များထံမှ အကောက်ငွေကြေးများ ရယူခဲ့သလို ယခုကဲ့သို့ ပြည်သူများထံမှလည်း အဓမ္မငွေကောက်ခံမှုကိုလည်း ပြုလုပ်လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org