|

နေအိမ်အကျယ်ချုပ် ကျခံနေရသည့် အင်အယ်လ်ဒီ(NLD)ပါတီ ဒုဥက္ကဌဦးတင်ဦးအား
ယမန်နေ့တွင် စစ်အစိုးရက နေအိမ် အကျယ်ချုပ်သက်တမ်း
တနှစ်ထပ်မံတိုးမြှင့်လိုက်သည်။
၂၀၀၃
ခုနှစ်၊ မေလ (၃၀)ရက်နေ့က ဖြစ်ပွားခဲ့သည့် ဒီပဲယင်း အကြမ်းဖက်မှုကြီး
ဖြစ်ပွားခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့အား
စစ်အစိုးရက နေအိမ်အကျယ်ချုပ် ချမှတ်ခဲ့ ပြီးနောက် ပုဒ်မ ၁၀(ခ) ဖြင့်
တနှစ်ပြီးတနှစ် သက်တမ်းတိုး ချုပ်နှောင်ထားခဲ့ရာ ဦးတင်ဦးအား
ယခုကဲ့သို့ သက်တမ်းတနှစ် ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်
အင်္ဂါနေ့က နေအိမ်သို့ ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ ရောက်ရှိလာပြီး
မည်သည့်အတွက် ကြောင့် ထပ်မံချုပ်နှောင်သည်ကို ရှင်းမပြဘဲ
နေအိမ်အကျယ်ချုပ် သက်တမ်းတနှစ် တိုးလိုက်သည့်အမိန့်စာ ကိုသာ
ဖတ်ပြခဲ့သည်။
စစ်အစိုးရအနေဖြင့် နိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသားဟူ၍
တဦးတယောက်မှမရှိဟု မကြာခဏ ထုတ်ဖော်ပြောဆိုနေသော်လည်း နိုင်ငံရေး
တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေသူ များကို နှစ်ရှည်ထောင်ဒဏ်များ
ချမှတ်ခြင်းအပါအ၀င် နေအိမ်အကျယ်ချုပ်ချခြင်းများကို
ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
နိုင်ငံတကာမှ နိုင်ငံရေးအကျဉ်းသားအားလုံးကိုချက်ခြင်းလွှတ်ပေးရန်
တောင်းဆိုနေသည်ကို လျစ်လျူရှုထားဆဲဖြစ်ပြီး
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်အား ကုလသမဂ္ဂမှ
အထူးကိုယ်စားလှယ်များနှင့်ပင် ရံဖန်ရံခါသာ တွေ့ဆုံခွင့်ပေးခဲ့သည်။
စစ်အစိုးရအနေဖြင့် နေအိမ်အကျယ်ချုပ်ကျခံနေရသူများကို
ပြင်ပနှင့်ဆက်သွယ်ခွင့် ပိတ်ပင် ထားခဲ့ပြီး ကျန်းမာရေးအရ ဆေးကုသမှုကိုသာ
ခွင့်ပြုထားရာ အသက် (၇၀)ကျော်ပြီဖြစ်သော ဦးတင်ဦးသည် လက်ရှိတွင်
ကျန်းမာရေး ကောင်းမွန်နေသေးသော်လည်း ဒေါ်အောင်ဆန်း စုကြည်၏
ကျန်းမာရေးအခြေအနေမကောင်းကြောင်း ယနေ့နံနက်တွင် ခိုင်လုံသော သတင်း
ရပ်ကွက်က ဆိုသည်။ |