|
နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ (၂၁၁) ဖြင့်
ထောင်ဒဏ် (၂)နှစ်ကျခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ဘိုကလေး မြို့နယ်၊
ကျွန်းရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာမှ လယ်သမားကြီး
ဦးတင်ငြိမ်းသည် ယခုလ (၅)ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်၊
လယ်ယာမြေဧက
(၁၀၀)ကျော် ရေမြုပ်ဆုံးရှုံးခဲ့ရသည့်အတွက် အာဏာပိုင်များထံ
တိုင်ကြားခဲ့၍ ဘိုကလေးမြို့ တွဲဘက်တရား ရုံးမှ အာဏာပိုင်များ၏
ပြန်လည်အမှုဆင်စွပ်စွဲမှုကြောင့် ၂၀၀၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့မှစ၍
ဦးတင်ငြိမ်း မတရား ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။
“ဖျာပုံထောင်က ပြန်လွတ်လာတာ၊ အမှန်က(၁)ရက်နေ့ထဲက လွတ်ဝရမ်းထွက်နေပြီ၊
ဒါကို မိသားစုဆီကို စာရောက်တာက (၂)ရက်နေ့က၊ (၃)ရက် (၄)ရက်တွေက
ပိတ်ရက်ဖြစ်တော့ (၅) ရက်နေ့မှ လွတ်တာ”ဟု ဒေသခံတဦးက ဆိုသည်။
ဦးတင်ငြိမ်းသည် မူလအမှုအပြင် ထပ်တိုးပုဒ်မ ၅၀၄၊ ၅၀၅(ခ)ဖြင့်
ထပ်မံစွဲဆိုခံခဲ့ရပြီးနောက် ဘိုကလေးမြို့နယ်အချုပ်မှ
ဖျာပုံထောင်သို့ပြောင်းရွေ့ခံခဲ့သည်။ ၄င်းနောက် တရားရုံး အဆင့်ဆင့်တွင်
အယူခံတင်သွင်းခဲ့ရာ ပြီးခဲ့သည့် ဇန်န၀ါရီလ (၂၅)ရက်နေ့တွင် ဗဟိုတရားရုံး
တွင် အယူခံနိုင်ကာ ထောင် ရှစ်လကျပြီးနောက် ပြန်လည်လွတ်မြောက်လာသည်ဟု
၎င်းက ဆိုသည်။
စပါးခင်းလယ်ကသင်းတမံများကို
အင်းလေလံကိုယ်စားလှယ် ဦးစံမြင့်နှင့် အာဏာပိုင်များက အကြောင်းပြချက်
မရှိဘဲ ချိုးဖောက်ခဲ့မှုကြောင့် ဦးတင်ငြိမ်းပိုင်လယ်မြေများ ၂၀၀၅
ခုနှစ်၊ သြဂုတ်လအတွင်းက ရေမြုပ်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။ ထိုနောက်
ဦးတင်ငြိမ်းမှ ဆည်မြောင်းဦးစီး ဌာန၊ စိုက်ပျိုးရေးဌာနနှင့်
ရေလုပ်ငန်းဦးစီးဌာနတို့မှ လာရောက်စစ်ဆေးပေးရန် တိုင်ကြားခဲ့ပြီး နောက်
အာဏာပိုင်များက မဖြေရှင်းပေးသည့်အပြင် လယ်သမားကြီး ဦးတင်ငြိမ်းအား
အမှုဆင်ဖမ်းဆီး ထောင်ချခဲ့ခြင်းဖြစ်သည်။ |