|
စီးပွားရေးသမားနှင့် လူတစု၏ထိုးနှက်မှုကြောင့်
ဆေးရုံတက်ရောက်ကုသနေရသည့် ကျောင်းသားတဦးနှင့် ပတ်သက်၍ မကျေနပ်သော
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်မှ ကျောင်းသား များက လက်မှတ်ရေးထိုး၍
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုင်စာပေးပို့ခဲ့သည်။
ပြီးခဲ့သည့်လ (၁၁)ရက်နေ့က မြေပုံမြို့နယ်၊ ငပတုံကျေးရွာတွင်
ဇတ်သဘင်ကပြရာ ပွဲခင်း အတွင်း စစ်အစိုးရနှင့်နီးစပ်သူ
စီးပွားရေးသမားတဦးနှင့် လူတစု၏ ထိုးနှက်မှုကြောင့် သတ္တမတန်းကျောင်းသား
မောင်နိုင်မျိုးထွန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး နေရာတွင်ပင်
သတိမေ့လဲကျသွားပြီးနောက် ဆေးရုံသို့ ပို့ဆောင်ခဲ့ရခြင်းဖြစ်သည်။
“စိန်ကျော်မောင်က စီးပွားရေးသမား၊ သူက မူးနေတာ။ သူကလည်း
အဲ့ဒီကျောင်းသားကို ဝင်တိုက်သေးတယ်၊ နောက် လက်သီးနဲ့စထိုးတာ၊ ဒါကို
ကျောင်းသားအများစုက မြင်လိုက် တယ်။ ဒါနဲ့ အဲ့ဒီညက
ပွဲလုံခြုံရေးတာဝန်ယူထားတဲ့ ခမရ(၃၈၀)က ဗိုလ်ကြီးကို အရေးယူပေးဖို့
သွားပြောတော့ မသိသလိုလုပ်နေတယ်”ဟု ဒေသခံတဦးက ဆိုသည်။
တာဝန်ကျအရာရှိ၏ မသိချင်ယောင်ဆောင်နေခြင်းကို ကျောင်းသားများက
မကျေနပ်သဖြင့် မောက်မောက်မာမာ ပြောဆိုခဲ့၍ တပ်ကြပ်ကြီးတဦးနှင့် ထပ်မံ
ခိုက်ရန်ဖြစ်ပွားခဲ့ရာ တပ်ကြပ် ကြီးတွင် ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး
ရပ်မိရပ်ဖများက လူစုခွဲခဲ့ကြသည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။
ဇန်န၀ါရီလ
(၁၂)ရက်နေ့တွင် မောင်နိုင်မျိုးထွန်းအား ကျောက်ဖြူဆေးရုံသို့
ပို့ဆောင်ခဲ့ပြီး နေ့လည် ၁ နာရီခန့်တွင် ရွာသူရွာသား (၃၀၀)ခန့်က
စီးပွားရေးသမားဖြစ်သူ စိန်ကျော်မောင်အား အရေးယူပေးရန် (ရယက)ဥက္ကဌ
ဦးအောင်ဘိုကြီးထံ သွားရောက်တိုင်းကြားခဲ့ရာ ၄င်းအနေဖြင့်
ဘာမှမတတ်နိုင်သောကြောင့် အထက်ကိုတိုင်းကြားရန် ပြောဆိုခဲ့သည်။
“စိန်ကျော်မောင်ဆိုတဲ့လူက ဘင်္ဂလားကို အာဏာပိုင်တွေနဲ့ပေါင်းပြီး
နွားတွေ၊ ဆန်တွေ မှောင်ခိုလုပ်နေတဲ့လူ။ သူ့လုပ်ငန်းအဆင်ပြေအောင် ရေတပ်၊
ကြည်းတပ်၊ စစ်ထောက်လှမ်းရေး တွေကို ငွေပေးပြီးကို လုပ်တာ၊
အာဏာပိုင်တွေက ဒါကြောင့် အခုကိစ္စကို မသိချင်ယောင် ဆောင်နေတာ”ဟု ဒေသခံက
ဆိုသည်။
မောင်နိုင်မျိုးထွန်းတွင် ရရှိထားသောဒဏ်ရာမှာ အတွင်းဒဏ်ရာဖြင့်သဖြင့်
ဇန်န၀ါရီလ (၁၃) ရက်နေ့က ရန်ကုန်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး
ယခုအချိန်အထိ သက်သာပျောက်ကင်းခြင်း မရှိသေးသလို ကျေးရွာလူထုမှာ
မတရားသည့်ဖြစ်ရပ်အပေါ် အာဏာပိုင်များက အရေးယူ ဆောင်ရွက်သည်အထိ
လုပ်ဆောင်ရန် ဆန္ဒပြင်းပြနေကြသည်။ |