|
လွတ်မြောက်ဒေသတနေရာတွင် ကျင်းပပြုလုပ်ခဲ့သည့်
အတိုက်အခံအဖွဲ့တပ်ပေါင်းစုများ၏ သုံးရက်ကြာပြုလုပ်ခဲ့သည့်
မဟာဗျူဟာညှိနှိုင်းရေးအစည်းအဝေးကို ယနေ့ညဘက်တွင် အောင်မြင်စွာ
ကျင်းပပြီးစီးခဲ့သည်။
ယခုလ
(၂၁)ရက်နေ့နံနက်မှ စတင်ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအစည်းအဝေးသို့
အတိုက်အခံ အဖွဲ့အစည်းအသီးသီးမှ နိုင်ငံရေးဆိုင်ရာ အမြင်သဘောထားများ
တင်ပြဆွေးနွေးခဲ့ကြပြီး လက်ရှိအခြေအနေတွင်
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေး တောင်းဆို
ချက်များအပေါ် စစ်အစိုးရ၏ လျစ်လျူရှု လုပ်ဆောင်နေမှုများအပေါ်
အပြန်အလှန်သုံးသပ်ခဲ့ ကြသည်။
၂၀၀၃
ခုနှစ်မှ ရပ်နားခဲ့သော အဆိုပါညှိနှိုင်းအစည်းအဝေးကို
ယခုနှစ်တွင်ပြန်လည်ခေါ်ယူခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေသည့်
နိုင်ငံတကာအခြေအနေ၊ ပြည်တွင်းအခြေအနေနှင့် နယ်စပ် ဒေသရှိ
ဒီမိုကရေစီနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ၏
လက်ရှိအခြေအနေများကို အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
နိုင်ငံရေးရည်မှန်းချက်အဖြစ် စစ်အာဏာရှင်စံနစ်ချုပ်ငြိမ်းရေး၊
ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကိုထားရှိပြီး ၁၉၉၀
ရွေးကောက်ပွဲရလဒ်အပေါ် အခြေခံသည့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ
ဖြစ်ပေါ်လာရေးအတွက် လူထုစွမ်းအား၊ လက်နက်ကိုင်စွမ်းအား၊
နိုင်ငံရေးစွမ်းအား၊ နိုင်ငံတကာလှုပ်ရှားမှု စသည့် နည်းလမ်းပေါင်းစုံကို
ကျင့်သုံး၍ အကောင် အထည်ဖော်သွားမည်ဟု တခဲနက် အတည်ပြုခဲ့ကြသည်။
အစည်းအဝေးတွင် အားလုံးက အတည်ပြုဆုံးဖြတ်ပေးမည့်
အတိုက်အခံအဖွဲ့အစည်းများ၏ နိုင်ငံရေးဆိုင်ရာ လမ်းပြမြေပုံတခုကို
အမြန်ဆုံး ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် အစီအစဉ်များနှင့်
ကုလသမဂ္ဂ၏ လုံခြုံရေးကောင်စီတွင် မြန်မာပြည်ဆိုင်ရာ အဆိုပြုချက်များ
ဆက်လက်တင်သွင်းရန် ပိုမိုတွန်းအားပေး လုပ်ဆောင်သွားမည့်
နိုင်ငံရေးဆိုင်ရာ ရှေ့လုပ်ငန်း စဉ်များကို ချမှတ်ခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားညွှန့်ပေါင်းအစိုးရ၊ ပြည်ထောင်စုမြန်မာနိုင်ငံ
အမျိုးသားကောင်စီ၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊
တိုင်းရင်းသားလူမျိုးများကောင်စီ၊
မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်၊ တိုင်းရင်းသား
လူငယ်များဆုံရပ်နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)မှ
ကိုယ်စားလှယ် (၇၀) ကျော် တက်ရောက်ခဲ့ပြီး ဆဋ္ဌမအကြိမ်မြောက်
မဟာဗျူဟာညှိနှိုင်းရေးအစည်းအဝေးက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့သည်။
|