Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်သားအဖြစ်စုဆောင်းခံရသူ ကလေးငယ် ပြန်လည်လွတ်မြောက်လာ

 

ဗထူး။ ဖေဖော်ဝါရီ ၂၈၊ ၂၀၀၇

 

ဧရာဝတီတိုင်း၊ ကျောင်းကုန်မြို့မှ စစ်သားအဖြစ်အဓမ္မစုဆောင်းခံရသူ မောင်ဝင်းကိုကိုသည် ယခုလ (၂၃)ရက်နေ့က စစ်သားစုဆောင်းရေးတပ်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ 

သတ္တမတန်းရှုံးနိမ့်၍ စိတ်ညစ်ကာ စစ်တပ်ထဲလိုက်ပါသွားခဲ့သူအတွက် မိဘများက ရန်ကုန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း(ICRC)သို့ တိုင်ကြားခဲ့ခြင်းကြောင့် ယခုကဲ့သို့ စစ်တပ်ထဲမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ 

အိမ်မဲအခြေစိုက် တပ်ရင်းမှ တပ်ကြပ်ကြီးတဦးက မောင်ဝင်းကိုကိုအား ပြီးခဲ့သည့်လ လကုန် ပိုင်းတွင် အိမ်မဲမြို့စစ်သားစုဆောင်းရေးသို့ ပို့ခဲ့ပြီး (၃၁)ရက်နေ့တွင် ရန်ကုန်ရှိ စစ်သားစုဆောင်း ရေးဌာနချုပ်သို့ ပို့ဆောင်ခံခဲ့ရသည်။ 

“တရားစွဲမယ်လို့ပြောမှ သူ့ကိုခေါ်သွားတဲ့ တပ်ကြပ်ကြီး ကျော်မင်းနိုင်ဆိုတဲ့လူကိုယ်တိုင် ရန်ကုန်မှာ လိုက်ထုတ်ပေးတာ။ (ICRC)က ငွေကူညီခဲ့တယ်”ဟု မိသားစုနှင့်နီးစပ်သူတဦးက ဆိုသည်။ 

စစ်သားစုဆောင်းရေးတွင် လူငယ်များ များစွာထွက်ပြေးနေပြီး အများအားဖြင့် ထမင်းစာချိန်များ တွင် ထွက်ပြေးကြကာ ပြန်မိသူများကို ထမင်းနှစ်ရက်မကျွေးပဲ ထိပ်တုံးခတ်၍ အပြစ်ပေး ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။  

“ဒီကလေးကိုယ်တိုင် စရောက်တဲ့ရက်က မပြောပဲအပေါ့သွားလို့ဆိုပြီး တုတ်နဲ့ ခြေထောက်ကို သုံးချက် အရိုက်ခံရတယ်။ ထမင်းစားချိန်တွေမှာ ပြေးတာများလို့ စစ်သားသုံးယောက်က သစ်သားတုတ်တွေနဲ့ စောင့်နေတယ်”ဟု အဆိုပါ နီးစပ်သူကဆိုသည်။  

အဆိုပါစုဆောင်းရေးတပ်တွင် ရဲဘက်စခန်းများကဲ့သို့ ထမင်းစားပြီးလျှင် အပေါ့အပါးသွားရန် တကြိမ်သာ ခွင့်ပြုထားပြီး ညဘက်တွင် အပေါ့အပါးသွားချင်ပါက ကျင်ငယ်စွန့်ရန် အိုးငယ်များ ပေးထားကာ အိပ်ဆောင်များအား သော့ခတ်ထားသည်ဟုဆိုသည်။  

စစ်အစိုးရအား နိုင်ငံတကာမှ အရွယ်မရောက်သေးသူ ကလေးငယ်များအား စစ်မှုထမ်းစေရန် အဓမ္မစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု ထောက်ပြပြောဆိုချက်များကို စစ်အစိုးရက အစဉ်အမြဲ ငြင်းပယ်ခဲ့ပြီး အသက်မပြည့်သူများကို လက်နက်ကိုင်တပ်ဖွဲ့များအတွင်း လက်ခံခြင်းမပြုပဲ ပြန်လည်လွှတ်ပေးခဲ့သူအရေအတွက်မှာ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း (၅၆၇)ဦး ရှိသွားပြီဟု စစ်အစိုးရကဆိုသည်။  

မောင်ဝင်းကိုကို ပြန်လည်လွတ်မြောက်ရေးအတွက် မိဘများက မင်္ဂလာဒုံ စစ်သားစုဆောင်းရေး တပ်သို့ ပထမအကြိမ် လိုက်လံထုတ်ယူစဉ်က ကျောင်းကုန်းအောက်ပိုင်း ကျောင်းအုပ်ဆရာကြီး ၏ ကိုယ်တိုင်ရေးစာကိုပါ ပြသခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိပဲ တလနီးပါးအကြာမှ ပြန်လည်လွှတ်ပေးခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org