Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကျေးရွာအာဏာပိုင်များက ပီလောပီနံကြိတ်စက်ပိုင်တောင်သူများထံမှ အဓမ္မငွေကောက်ခံ

 

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၂၁၊ ၂၀၀၇

 

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ တလုတ်ထော်တိုက်နယ်၊ အင်းဝင်းကျေးရွာအုပ်စုနှင့် လေးမျက်နှာမြို့နယ်၊ ၀ါးရုံချောင်းကျေးရွာအုပ်စုအတွင်းရှိ ပီလောပီနံအမှုန့်ကြိတ်စက်ရှိသူ ပီလောတောင်သူများထံမှ ရယကဥက္ကဋ္ဌနှင့် မြေစာရင်းဌာနမှ ၀န်ထမ်းတို့ပူးပေါင်းကာ ပြီးခဲ့သည့် လ နောက်ဆုံးပတ်က အဓမ္မငွေကြေးကောက်ခံခဲ့သည်။

“စက်တလုံးကို ကျပ်ငွေ နှစ်သောင်းပေးရမယ်ပေါ့၊ အထက်ကလူကြီးအမိန့်ဆိုပြီး ကျေးရွာဥက္ကဋ္ဌ ဦးစိုးသန်းနဲ့ မြေစာရင်းဌာန၀န်ထမ်းက အဲဒီလိုပြောပြီး ငွေကောက်တာ။ ကျနော်တို့ အင်းဝင်း အုပ်စုမှာက ပီလောကြိတ်စက်အလုံး(၂၀၀)ရှိတယ်။ အဲဒီစက်ပိုင်ရှင်တွေအကုန်လုံး သူတို့ တောင်းတဲ့ငွေပေးရတယ်၊ အရင်နှစ်တွေကလည်း ငွေကောက်တယ်။ ခေါင်းစဉ်အမျိုးမျိုးနဲ့ ငွေကောက်တာပဲ”ဟု အင်းဝင်းကျေးရွာသားတဦးက ပြောသည်။

အလားတူ လေးမျက်နှာမြို့နယ်၊ ၀ါးရုံချောင်းကျေးရွာဥက္ကဋ္ဌ ဦးကျော်ကြီးနှင့် အဆိုပါမြို့နယ် မြေစာရင်းဌာန၀န်ထမ်းတို့က ပြီးခဲ့သည့်လ (၂၈)ရက်နေ့တွင် ၀ါးရုံချောင်းကျေးရွာအုပ်စုအတွင်း ပီလောကြိတ်စက် အလုံးပေါင်း (၃၀၀)ကျော်ရှိရာ ထိုစက်ပိုင်ရှင် ပီလောတောင်သူများထံမှ စက်တလုံးကို ကျပ်ငွေ (၂၇,၀၀၀)နူန်းဖြင့် အဓမ္မကောက်ခံခဲ့ပြီး တိုက်နယ်ရယကစာရေး ကိုခင် ဇော်က ၎င်းစက်ပိုင်ရှင်အချို့ထံမှ ဧည့်စာရင်းအတွက်ဟုဆိုကာ စက်တလုံးလျှင် (၃,၀၀၀)ကျပ် ထပ်မံကောက်ခံခဲ့ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

အဆိုပါ ကျေးရွာရယကဥက္ကဋ္ဌများ၏ အတင်းအဓမ္မငွေကောက်ယူခြင်းကို သတင်းဌာနများက ဖော်ထုတ်တင်ပြခဲ့သည့်အတွက် သက်ဆိုင်ရာ ရယကဥက္ကဋ္ဌများက စက်ပိုင်ရှင်အချို့ကို ငွေပြန် လည်ပေးခဲ့ပြီး ငွေမပေးရကြောင်းနှင့် ကျေးရွာတွင် ပီလောကြိတ်စက် အနည်းငယ်သာရှိကြောင်း လက်မှတ်ရေးထိုးခိုင်းခဲ့သည်။

“ကျနော်တို့ဝါးရုံချောင်းမှာတော့ တချို့စက်ပိုင်ရှင်တွေကို သူတို့ကောက်ထားတဲ့ငွေပြန်ပေးတယ်။ ဒါပေမယ့် အများစုကတော့ ၀ါးရုံချောင်း အမကကျောင်းပြုပြင်ရန်အတွက်ဆိုပြီး အလှူခံ ဖြတ်ပိုင်းလိုမျိုး ဖြတ်ပိုင်းပဲပေးတယ်”ဟု  ပီလောကြိတ်စက်ပိုင်ရှင် ၀ါးရုံချောင်းကျေးရွာသားက ပြောသည်။

ထိုဒေသရှိ ပီလောတောင်သူများသည် သူတို့ပိုင်လယ်ယာမှထွက်သည့် ပီလောပီနံများကို စက်ဖြင့် အမူန့်ကြိတ်ကာ တပိုင်တနိုင် လုပ်ကိုင်စားသောက်ကြခြင်းဖြစ်သည်။ ထိုအလုပ်မှာ ရာသီပေါ်အလုပ်ဖြစ်ရာ တစ်လခွဲခန့်သာ လုပ်ကိုင်စားသောက်ရပြီး ကျေးရွာအာဏာပိုင်များ၏ အကြောင်းအမျိုးမျိုးရှာ ငွေကောက်ခံခြင်းကြောင့် စားဝတ်နေရေး အဆင်မပြေဖြစ်ကြရသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org