
အမေရိကန်နိုင်ငံ အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး
အဲရစ်ဂျွန်(Eric John)နှင့် Financial Time သတင်းစာက တွေ့ဆုံမေးမြန်း
ခန်းတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန် အစိုးရအနေဖြင့် နောက်တလှမ်း
ဆုတ်နေသင့် ကြောင်း ပြောဆိုခဲ့သည်။
ဝန်ကြီး
အဲရစ်ဂျွန်က စစ်အစိုးရအနေဖြင့် အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမည့်
နည်းလမ်းများကို မရှာဖွေဘဲ ရိုးရာဓလေ့ထုံးတမ်းတွေကိုသာ
ကျယ်ကျယ်လောင်လောင် ပြောဆိုနေသည့် စစ်ဗိုလ်ချုပ်များ၏ တင်းမာမှုများကို
လျှော့ပါးအောင် ပြုလုပ်ပေးရမည်ဟု ဆိုသည်။
“မြန်မာဗိုလ်ချုပ်ကြီးများဟာ တကမ္ဘာလုံးကလိုလားနေတဲ့ တရားမျှတမှုတွေကို
မုန်းတီးနေပုံရ တယ်။ အုပ်ချုပ်ရေးယန္တရား မပြောင်းလဲဘူး၊
ဆင်းရဲကြပ်တည်းနေတဲ့ စီးပွားရေးပေါ်လစီလည်း မပြောင်းလဲဘူး၊ သူတို့သာ
တိုင်းပြည်ကယ်တင်နိုင်မဲ့သူတွေလို့ ထင်နေကြတယ် ”ဟု မစ္စတာ အဲရစ်ဂျွန်က
ဆိုသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အမေရိကန်အဆိုပြုထားသော
မြန်မာ့အရေးဆုံးဖြတ်ချက် မူကြမ်းကို တရုတ်နှင့်ရုရှားတို့မှ
ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီးနောက် မြန်မာအစိုးရ၏ ပြုပြင်
ပြောင်းလဲမှုအတွက် တရုတ်နိုင်ငံသည် အဓိကအခန်းကဏ္ဍမှပါဝင်ရန် အမေရိကန်မှ
ထင်မြင် ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။
“အရင်တုန်းကတော့ သူတို့တွေက အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်၊
ထောက်ခံမဲ ပေးကြပါဆိုပြီးတော့ ခုကျတော့
ခင်ဗျားတို့ရဲ့တာဝန်ပဲဖြစ်တယ်လို့ ပြောနေပြန်ပါပြီ။ အမေရိ ကန်အစိုးရက
မြန်မာပြည်ကိစ္စကို တရုတ်အစိုးရကိုပုခုံးပြောင်းဖို့ ကြိုစားနေတယ်”ဟု
မြန်မာ့အရေးလေ့လာသူ ဦးဝင်းမင်းက ဆိုသည်။
မြန်မာစစ်အစိုးရသည်လည်း မြောက်ကိုရီးယား၊ အီရန်၊ကျူးဘား၊ ဇင်ဘာဘွေနှင့်
ဘယ်လာရု(စ်) စသည့် ရက်စက်ကြမ်းကြုတ်သော အစိုးရများကဲ့သို့ အမေရိကန်ကို
ရှေ့တန်းရန်သူ့နိုင်ငံတခု အဖြစ် အမြင်ရှိသည်ဟု ၀န်ကြီး အဲရစ်ဂျွန်က
မှတ်ချက်ပြုခဲ့သည်။ |