|
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ
မြို့လယ်ကျောင်းကြီးဘုန်းကြီးကျောင်းတွင် အသက် (၄၅)နှစ်အရွယ် အလင်တန်း
(၉)ဟု အမည်ခံထားသည့် မြန်မာလူမျိုးတဦးက ဒီကနေ့မနက်ပိုင်းက စတင်ပြီး
ခန္ဓာကိုယ်အစိတ်အပိုင်းများ လှူဒါန်း၍ တကိုယ်တော် အစာငတ်ခံဆန္ဒပြမှု
ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်
ဇန်န၀ါရီလ (၃၀)ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ
ထိုင်း-မြန်မာ နယ်စပ်၊ မဲဆောက်မြို့အထိ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်
မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့ကြသည့် အရှင်သောပါသ၊
အရှင်ခေမာနန္ဒ၊ အရှင်တိလောကနှင့် ကိုခိုင်ကြီးတို့၏ ချီတက်ဆန္ဒပြမှုနှင့်
မြန်မာနိုင်ငံငြိမ်းချမ်းရေးတွက် နအဖစစ်ကောင်စီထံ တောင်းဆိုချက်များကို
တကိုယ်တော်ဆန္ဒပြသူက ထပ်မံတောင်းဆိုကာ အစာငတ်ခံဆန္ဒပြခြင်းဖြစ်သည်။
“အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့
မြန်မာ့ငြိမ်းချမ်းရေးအတွက် ကီလိုမီတာ (၇၀၀)ကျော်
လမ်းလျှောက်ဆန္ဒပြနေတဲ့ ဆရာတော်တွေရဲ့ တောင်းဆိုချက်နှစ်ခုဖြစ်တဲ့
အဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ရဟန်းသံဃာတော်များနဲ့
နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ
အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဆိုတာရယ်၊ နောက် ဆင်းရဲငတ်မွတ်နေတဲ့
လူထုရဲ့မျက်နှာကို ထောက်ထားပြီးတော့ အနှစ်သာရရှိပြီး ရိုးသားတဲ့
အမျိုးသားပြန်လည် သင့်မြတ်ရေးကို အမြန်ဆုံး
အကောင်အထည်ဖော်ပေးရမယ်ဆိုတဲ့ ငြိမ်းချမ်းရေးခရီးသည်အဖွဲ့ ရဲ့
သဘောထားဆန္ဒကို ပိုပြီးတော့ ထင်ဟပ်ပေါ်လွင်အောင်
အင်အားဖြည့်ဆန္ဒပြပေးတာပါ”ဟု အစာငတ်ခံဆန္ဒပြသူက ပြောသည်။
ဆန္ဒပြသူသည်
သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည့် မျက်စိနှင့် ကျောက်ကပ်တို့ကို
လူ့ဂုဏ်သိက္ခာရှိစွာ အသက်ရှင်ရပ်တည်ရေးအတွက် ခန္ဓာကိုယ်အစိတ်အပိုင်းများ
အစားထိုး ကုသရန် လိုအပ်သည့် လူနာများအတွက် ဒီကနေ့မနက်ပိုင်းက
မဲဆောက်ဆေးရုံကြီးတွင် သွားရောက်လှူဒါန်းခဲ့သော်လည်း
မဲဆောက်ဆေးရုံကြီးမှ တာဝန်ရှိသူများက လက်ခံရန် ငြင်းဆို ခဲ့သည်။
ထို့နောက်
မဲဆောက်မြို့၊ ပလာစာဝူးထီးလမ်းထောင့်တွင် အစာငတ်ခံဆန္ဒပြနေစဉ်
ထိုင်းရဲများ က ကျောင်းကြီးကျောင်းဘုန်းကြီးကျောင်းဝင်းထဲတွင်
ထိုင်လျှက်ဆန္ဒပြရန် မေတ္တာရပ်ခံခဲ့သည့် အတွက် ကျောင်းကြီးကျောင်းသို့
ရွှေ့ပြောင်းဆန္ဒပြလျက်ရှိသည်။
“အလင်းတန်း
(၉)ဆိုတဲ့ဒကာကြီးက ဦးဇင်းတို့လမ်းလျှောက်မှုမျိုးနဲ့
ဦးဇင်းတို့တောင်းဆိုမှုမျိုးကို သူ့အနေနဲ့ ရင်ထဲအသည်းထဲကကို
ထောက်ခံပြီး သူ့ခန္ဓာကိုယ်က မျက်စိနဲ့ကျောက်ကပ် ကိုတောင်
လှူမယ်ဆိုတဲ့အခါကျတော့ ဦးဇင်းတို့က အများကြီးဝမ်းသာတာပေါ့ဗျာ”ဟု
ကမ္ဘာနှင့် မြန်မာ့ငြိမ်းချမ်းရေးအတွက် ခရီးရှည်ချီတက်နေသည့်
အရှင်ခေမာနန္ဒက ပြောသည်။
ဘန်ကောက်မြို့မှ စတင်ထွက်ခွါခဲ့သည့် ငြိမ်းချမ်းရေးခရီးသည် (၄)ဦးသည်
ယနေ့ စုခေါထိုင်း ခရိုင်သို့ ရောက်ရှိနေပြီး ခရီးစဉ်ဦးတည်ရာ
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့သို့ရောက်ရှိရန် ကျန်ရှိနေသေးသော
ကီလိုမီတာ (၁၈၀)ကို ကျန်းမာစွာ ဆက်လက်ချီတက်လျက်ရှိသည်။
တကိုယ်တော်
အစာငတ်ခံဆန္ဒပြသူ အလင်းတန်း (၉)သည် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့
သို့ ငြိမ်းချမ်းရေးခရီးသည် (၄)ဦး ရောက်ရှိမည့် မတ်လ (၂)ရက်နေ့အထိ
ဆက်လက်ဆန္ဒပြနေ မည်ဖြစ်ကြောင်း သိရသည်။ |