Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ရဲများရိုက်နှက်ခဲ့၍ အရပ်သားတဦးသေဆုံး

 

ဗထူး။ ဖေဖော်ဝါရီ ၁၄၊ ၂၀၀၇

 

ပွဲကြည့်နေသူ သာမန်ပြည်သူတဦးကို ရဲများက အပြစ်မရှိပဲ ဖမ်းဆီးခေါ်ဆောင်ကာ ရဲစခန်း အတွင်း ရိုက်နှက်မှုကြောင့် ပြီးခဲ့သည့်လ (၄)ရက်နေ့က ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မြေပုံမြို့တွင် နေထိုင်သူ အသက်(၃၀)အရွယ်ရှိ ထွီးမောင် (ခေါ်) ကိုထွေးမောင်ဆိုသူသည် ဇတ်ပွဲထိုင်ကြည့်နေစဉ် မသင်္ကာသူအဖြစ် ရဲများက ခေါ်ဆောင် သွားပြီး နောက်တနေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ပြည်လုံးချမ်းသာ ဘုရားကြီးပွဲလုပ်တာ၊ တခိုင်လုံးစိန်ဇတ်အဖွဲ့လာတယ်၊ လူငယ်တွေလည်း ကကြခုံကြပေါ့။ အဲ့ဒါကို ရဲကလိုက်ဖမ်းတော့ လူငယ်တွေ ထွက်ပြေးကြတာပေါ့။ ဖမ်းတာက ရဲတပ်ကြပ် ကျော်မြင့်နဲ့ ရဲတပ်ကြပ် စိုးနိုင်၊ ကတဲ့လူတွေကို မမိဘူး၊ ပွဲထိုင်ကြည့်နေတဲ့ ထွေးမောင်ကို ကတဲ့အဖွဲ့မှာပါတယ်ဆိုပြီး ဖမ်းသွားတာ”ဟု မျက်မြင်သက်သေတဦးက ဆိုသည်၊

ကိုထွေးမောင်ကို မြေပုံမြို့နယ်အချုပ်တွင် တညတာထားပြီး နောက်တနေ့မနက် (၆)နာရီတွင် စခန်းမှူး မျိုးသန့်က ဆေးရုံသို့ပို့ခဲ့ရာ ဆေးရုံရောက်ချိန်တွင်  အသက်မရှိတော့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

“ညာဘက်မျက်ခုံးမှာ ဒဏ်ရာရထားတယ်။ ခေါင်းမှာလည်း ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ကို ရထားတယ်။  မြို့နယ်ဆေးရုံအုပ် ဒေါက်တာသစ်ထူးလှိုင်ကလည်း ရဲတွေဖိအားပေးထားတော့ ရိုးရိုးလဲကျပြီး သေတယ်လို့ ထွက်ချက်ပေးတယ်။ ထွေးမောင်က ရိုးရိုးသားသားနဲ့ ဆိုက္ကားနင်းပြီး မိဘကို လုပ်ကျွေးနေတဲ့လူ”ဟု အလောင်းကို ကိုယ်တိုင်တွေ့ခဲ့သူ ဆိုက္ကားသမားတဦးက ဆိုသည်။

အဆိုပါနေ့က ဆိုက္ကားသမား (၂၀၀)ခန့်က မကျေမနပ်ဖြစ်ကာ ယခုကိစ္စကို အရေးယူပေးရန် အတွက် မြို့နယ်ရဲစခန်းသို့ သွားရောက်၍ အရေးဆိုခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

သေဆုံးသူ ကိုထွေးမောင်၏အလောင်းကို ဇန်န၀ါရီလ (၅)ရက်နေ့က သင်္ဂြိုဟ်ခဲ့ပြီး ဇနီးနှင့်သား သမီး နှစ်ဦး ကျန်ရစ်ခဲ့သည်။ အသုဘချသည့်နေ့ရက်ကလည်း ဆိုက္ကားသမားများက အမှုမှန် ပေါ်ပေါက်ရန် ထပ်မံအရေးဆိုခဲ့ကြသည်။  

“ရဲနဲ့အာဏာပိုင်တွေက ကိုထွေးမောင့်ဇနီးကို ခြိမ်းခြောက်ထားတယ်။ မိသားစုကိုခြိမ်းခြောက် သလို အမှုမဖွင့်ဖို့ ကတိတောင်းထားတယ်။ သူက အငူရွာဇာတိ။ ရိုးရိုးသားသားနဲ့ မိသားစုကို လုပ်ကျွေးနေတဲ့လူ သေဆုံးရတဲ့အပေါ် ဥပဒေအရ အကာအကွယ်မရလို့ ဆိုက္ကားသမားတွေရော၊ မြို့ပေါ်ကလူတွေရော အားလုံးစိတ်မကောင်းကြဘူး”ဟု မြို့ခံတဦးက ဆိုသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org