Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

(KNU)ဗဟိုမှ သတင်းစာရှင်းလင်းပွဲပြုလုပ်

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၊ ၂၀၀၇

 

 

ပြီးခဲ့သည့်လ (၃၁)ရက် နေ့စွဲဖြင့် တပ်မဟာ(၇) တပ်မဟာမှူးခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ကေအင်န်ယူဗဟိုဌာနချုပ်နှင့် ဗဟိုအလုပ်အမှုဆောင်တဖွဲ့လုံးကို ဖျက်သိမ်းလိုက်ပြီး ငြိမ်းချမ်ရေးကောင်စီသစ်ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်နှင့်  ပတ်သက် ၍ (KNU)ဗဟိုက  ယနေ့ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းကင်းစင်သော ငြိမ်းချမ်းရေး အခြေခံ ဒေသများ တည်ဆောက်နိုင်ရန်ဟုဆိုကာ လက်ရှိကေအင်န်ယူဗဟိုကို ဖျက်သိမ်း၍ ဥက္ကဌ ဗိုလ်မှူးချုပ် ထင်မောင်အပါအ၀င် (၁၈)ဦးဖြင့် ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် ထွက်ပေါ်လာသော ကြေညာ ချက်နှင့် ပတ်သက်၍ ကေအင်န်ယူဗဟိုတွင် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စဟာ ကျမတို့်ရဲ့ မိခင်ကေအင်န်ယူအဖွဲ့အစည်းရဲ့ သိက္ခာကို ကျစေရုံမကဘူး ကွယ်လွန် သွားတဲ့ ဗိုလ်ချုပ်မြရဲ့ လုပ်ရပ်တွေအားလုံးနဲ့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ကျစေပါတယ်။ ဒီ ကြေညာချက်ကို တွေ့တဲ့အချိန်မှာတော့ ကျမသားသမီးတွေရော ကျမရော စိတ်မကောင်းဘူး။ ဒီလိုလုပ်ရပ်ကို ကျမတို့လက်မခံနိုင်ပါဘူး။ သူတို့အနေနဲ့ ကရင်အမျိုးသားထုတရပ်လုံးအတွက် ငြိမ်းချမ်းရေးတည်ဆောက်နိုင်မယ်လို့ ကျမကတော့ မယုံကြည်ပါဘူး”ဟု ကျဆုံးသွားသည့် ကေအင်န်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောဘိုမြ၏ ဇနီးက ပြောသည်။

ထုတ်ပြန်ကြေညာချက်တွင် ဗိုလ်ချုပ်ကြီးစောဘိုမြ၏ဇနီး နော်မူလာဖိုးနှင့် သားကြီးဖြစ်သူ တပ်ရင်းမှူး စောနေကော်တို့ပါဝင်ပြီး အဆိုပါ ငြိမ်းချမ်းရေးကောင်စီ၏ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင် အဖြစ်ပါဝင်ကြောင်း ဖော်ပြထားခဲ့သည်။

“ကျနော့်အဖေဟာ ကရင့်တော်လှန်ရေးမှာ ဘယ်တော့မှ အညံ့ခံလုပ်လာခဲ့တဲ့ လူမဟုတ်တော့ ကျနော်တို့လည်း သိက္ခာကျတယ်။ ပြောရမယ်ဆိုရင် ဒီကိစ္စကို ကျနော့်ညီ နာဒါးလည်း ဘာမှ သိတာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒီလိုလုပ်ရပ်ဟာ မဟုတ်မမှန်ဘူးဆိုတာ ပြောချင်တယ်။ ကျနော်တို့မိသားစုနဲ့ မိခင်အဖွဲ့အစည်းကို ခွဲတဲ့ ရန်သူ့လုပ်ရပ်ပဲဖြစ်တယ်”ဟု ဗိုလ်ချုပ်ကြီး စောဘိုမြ၏ သားကြီးဖြစ်သူ ကေအင်န်အယ်လ်အေ တပ်ရင်း (၂၀၂) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောနေကော်က ပြောသည်။

အဆိုပါ သတင်းစာရှင်းလင်ပွဲသို့ ဗိုလ်ချုပ်ကြီးစောဘိုမြဇနီးနှင့် သားများ အဓိက တက်ရောက် ခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေဆိုသွားခဲ့သည်။

တပ်မဟာ (၇)တပ်မဟာမှူး ဗိုလ်မှူးချုပ်ထင်မောင်နှင့်ပတ်သက်၍ နော်မူလားဖိုးက “ကျမတို့ ဘာကိုမှ မသိလိုက်ဘူး။ အခုလိုလုပ်တာမကောင်းဘူးပေါ့၊ နောက်မမှားဖို့လိုတယ်။ အခုကလည်း တပ်တခုပဲသွားတာ၊ အားလုံးသွားတာမှ မဟုတ်ပဲ။ သူ့ကို ကျမတို့ ပြန်ပြီးရှင်းပြချင်တယ်။ တကယ်တော့ ဘေးကမြှောက်ပင့်ပြီးလုပ်နေတဲ့ သူတွေကြောင့်ဆိုတာ နားလည်တယ်”ဟု ဆိုသည်။

အချိန်ကြာမြင့်စွာဖြစ်နေသော ကေအင်န်ယူအတွင်း စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲနေမှုများမှာ ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲကြောင့် ပိုမိုရှင်းလင်းလွယ်ကူစွာမြင်ကြောင်း ထိုင်း-မြန်မာ နယ်စပ်မှ နိုင်ငံရေးအဖွဲ့အစည်းများက ဆိုသည်။

နော်မူလာဖိုးသည် ကေအင်န်ယူ ဗဟိုကော်မတီဝင်တဦးဖြစ်ပြီး ကရင်အမျိုးသမီးအစည်းအရုံး ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည့်အတွက် ကေအင်န်ယူဗဟို၏ လုပ်ငန်း လမ်းစဉ်များအတိုင်း ဆက်လက် ဖော်ဆောင်သွားမည်ဟု ဆိုသည်။

 
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org