|
စစ်အစိုးရပညာရေးဝန်ကြီးဌာနက အစ္စလာမ်ဘာသာဝင် အလယ်တန်းကျောင်းအုပ်ဆရာကြီး
တဦးကို ကျောင်းသူတယောက်အား လက်ဆွဲသည်ဟုဆိုကာ ထောင်ဒဏ်တနှစ်
ချမှတ်လိုက် သည်။
မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်း
အလယ်တန်းကျောင်းအုပ် ဆရာကြီး ဦးကိုကိုအား (၈)တန်းကျောင်းသူတဦးအား
လက်ဆွဲသည်ဟုဆိုကာ ပြီးခဲ့သည့်လက ထောင်ဒဏ်တနှစ်
ချမှတ်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ခရမ်းကိုင်းကျေးရွာ အလယ်တန်းကျောင်းတွင်
(၈)တန်းအခန်းမှ အတန်းပိုင်ဆရာမ ကျောင်းမလာ၍ စာဝင်သင်ပေးရာမှ
ကျောင်းသူတယောက်အား ခေါင်းခေါက်မိရာမှ အဆိုပါအဖြစ်အပျက်
ဖြစ်ပွားခဲ့သည်။
“ဆရာကြီးက
အသက်(၆၀)ရှိပြီ၊ အတန်းပိုင်ဆရာမလာလို့ စာသင်ပေးရင်းက ကျောင်းသူ
တယောက်ကို ခေါင်းခေါက်လိုက်တာ။ အဲ့ဒါကို မကျေနပ်တဲ့ဆရာမက
အမှုဆင်ပြီးလုပ်တာ၊ ဆရာကြီးက စည်းကမ်းသိပ်ကြီးတယ်။ ဆရာမတွေကို
ကျူရှင်မပြဖို့ လက်မှတ်တောင် ထိုးခိုင်း တာ” ဟု ဒေသခံတဦးက ဆိုသည်။
ကျောင်းအုပ်ကြီးအား မကျေနပ်သည့်ဆရာမက ခေါင်းခေါက်ခံရသည့် ကျောင်းသူအား
သင်ပေး ကာ နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ၀န်ကြီးရုံးခန်းသို့
သွားရောက်တိုင်ကြားစေခဲ့ရာ ၀န်ကြီးက ယခုဖြစ်ရပ်သည်
အမှုဆွဲစွဲဆိုရမည်ဖြစ်ကြောင်း၊ အဆိုပါကျောင်းသူအား ပြန်လည်
ပြောကြားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
“ဆရာကြီးက
ပင်စင်ယူခါနီးပြီ။ သိပ်ကို ရိုးသားတယ်၊ ရပ်ကျိုးရွာကျိုးလည်း
တက်တက်ကြွကြွနဲ့ ကို လုပ်တာ၊ ဒီလို အမှုဆင်ထောင်ချတာကို
ကျန်တဲ့ကျောင်းသားတွေနဲ့ ရွာကလူတွေ မကျေနပ် ကြဘူး”ဟု
ခရမ်းကိုင်းရွာသားတဦးက ဆိုသည်။
စစ်အစိုးရအနေဖြင့် နိုင်ငံအတွင်း ဘာသာရေးဖိနှိပ်မှုများမရှိပဲ လူတိုင်း
လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ကို အပြည့်အ၀ ပေးထားကြောင်း ယခုလ (၇)
ရက်နေ့ထုတ် သတင်းစာတွင် ရေးသားပြီး နိုင်ငံတကာမှ တင်ပြနေသော
ဘာသာရေးဖိနှိပ်မှုအတွက် ထောက်ပြပြောဆိုနေ သည်များကို ကန့်ကွက်ကြောင်း
ဘာသာပေါင်းစုံအား ဖိအားပေး၍ ထုတ်ပြန်ကြေညာ စေခဲ့ သည်။
“နေပြည်တော်ဝန်းကျင်မှာဆိုရင် အစ္စလာမ်ဘာသာဝင်တွေ မနေနိုင်အောင်
လုပ်နေတယ်။ အစ္စလာမ်ထမင်းဆိုင် ဖွင့်ခွင့်မပေးသလို နောက်ထပ် မွတ်စလင်တွေ
အသစ်ထပ်ပြီးနေထိုင်မှုမရှိ စေရလို့ အမိန့်ထုတ်ထားတယ်။ အခု
အဲ့ဒီကျောင်းအုပ်ကြီးက ရမည်းသင်းထောင်မှာ ”ဟု ဒေသခံက ဆိုသည်။ |