Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကမ္ဘာနှင့်မြန်မာ့ငြိမ်းချမ်းရေးအတွက် မဲဆောက်တွင် အစာငတ်ခံဆန္ဒပြ

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၇

 

 

ကီလိုမီတာ (၇၀၀)ကျော်ကွာဝေးသည့် ဘန်ကောက်မှမဲဆောက်မြို့ထိ လမ်းလျှောက်ချီတက် ဆန္ဒပြနေသည့် ရဟန်းသုံးပါးနှင့်လူတဦးအား ကြိုဆိုထောက်ခံသည့်အနေဖြင့် မဲဆောက်မြို့တွင် လူ (၈)ဦးက အစာငတ်ခံ ဆန္ဒပြနေကြသည်။ 

ထိုင်းနိုင်ငံမဲဆောက်မြို့ရှိ ကျောင်းကြီးကျောင်း ဘုန်းကြီးကျောင်းတွင် အလင်းတန်း(၉) ဟု အမည်ခံထားသူတဦးက ဦးဆောင်ကာ ယခုလ (၂၁) ရက်နေ့ကစတင်၍ အစာငတ်ခံ ဆန္ဒပြနေ ရာမှ နောက်ထပ်ဆန္ဒပြသူ (၇)ဦး တိုးလာခြင်းဖြစ်သည်။   

“ကျနော်တို့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့် ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် ကျနော်တို့ ဆန္ဒပြခြင်းဖြစ်တယ်”ဟု ဆန္ဒပြပွဲတွင်ပါဝင်သည့် လူငယ်တဦးက ဆိုသည်။  

မိုင်ရှည်လမ်းလျှောက်ဆန္ဒပြသည့် မြန်မာဘုန်းတော်ကြီး အရှင်သောပါသ၊ အရှင်ခေမာနန္ဒ၊ အရှင်တိလောကနှင့်  ကိုခိုင်ကြီးတို့အား ကြိုဆိုထောက်ခံသောအားဖြင့် ဆန္ဒပြသည့် အလင်း တန်း(၉)သည် စတင်သည့်နေ့ရက်တွင် မဲဆောက်မြို့၊ မြို့ပိုင်ရုံးအနီးတွင် ဆန္ဒပြခဲ့ရာ ထိုင်းရဲများက ဘုန်းကြီးကျောင်းဝင်းသို့ ပြောင်းရွှေ့နေရာချထားပေးခဲ့သည်။  

ယခုအချိန်အထိ ဆန္ဒပြသူများကို ထိုင်းအာဏာပိုင်များအနေဖြင့် နှောင့်ယှက်မှု တစုံတရာ ပြုလုပ်ခဲ့ခြင်းမရှိဘဲ ရဟန်းအချို့ကလည်း ရက်ပိုင်းဖြင့် အလှည့်ကျ ၀င်ရောက်ဆန္ဒပြနေပြီး ရက်ကြာသည်နှင့်အမျှ ဆန္ဒပြသူများ တိုးပွားလာမည်ဟုဆိုသည်။ 

“ငြိမ်းချမ်းရေးလမ်းလျှောက်သူတွေကို ထောက်ခံပြီး မဲဆောက်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ အတွက် ဦးဇင်းတို့အနေနဲ့ ၀မ်းသာတယ်။ စစ်အစိုးရက တောင်းဆိုထားတဲ့အချက် (၂)ချက်ကို အသိမှတ်ပြုလိုက်လျှောခြင်းမရှိဘူးဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ဆက်လုပ်သွားရမှာပဲဟု မိုင်ရှည် ငြိမ်းချမ်းရေးခရီးလမ်းလျှောက်ရာတွင် ပါဝင်သည့် အရှင်ခေမာနန္ဒက မိန့်ကြားသည်။  

မိုင်ရှည်ခရီးချီတက်ဆန္ဒပြလမ်းလျှောက်နေသည့် ဆရာတော်များက ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ရဟန်းသံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရန်နှင့် ဆင်းရဲနွမ်းပါးသည့် ပြည်သူများ၏ မျက်နှာကိုထောက်ထား၍ စစ်မှန်သော အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်ရန် စစ်အစိုးရအား တောင်းဆို ထားခဲ့ပြီး ယနေ့ညနေပိုင်းတွင် လမ်းလျှောက်လာသူများမှာ တပ်(ခ်)ခရိုင်အတွင်းသို့ ရောက်ရှိနေပြီဟု သိရသည်။  

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org