Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံရုံးများရှေ့ဆန္ဒပြသူများကို စစ်အစိုးရက ဂျီအက်(စ်)အမ်ဖုန်းထုတ်ပေး

 

ဗထူး။ ဖေဖော်ဝါရီ ၂၅၊ ၂၀၀၇

 

 

ယခုလဆန်းပိုင်းက ရန်ကုန်မြို့ရှိ အမေရိကန်နှင့် ဗြိတိန်သံရုံးများရှေ့တွင် ဆန္ဒပြခဲ့သည့် လူများအား စစ်အစိုးရက ဂျီအက်(စ်)အမ်(GSM) လက်ကိုင်တယ်လီဖုန်းများကို သုံးစွဲခွင့်ပါမစ် ချပေးလိုက်သည်။

စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာ့အရေးအား ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်သွင်းခဲ့သည့် အတွက် မကျေနပ်သည့်လူတစုက သံရုံးများရှေ့တွင်ဆန္ဒပြခဲ့သည်ဟု စစ်အစိုးရသတင်းစာများ တွင်ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီးနောက် အဆိုပါဆန္ဒပြမှုတွင် ပါဝင်သူများကို ယခုကဲ့သို့ (GSM) ဖုန်းများ ထုတ်ယူသုံးစွဲခွင့်ကို ပေးခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရက မြန်မာနိုင်ငံဆန်ကုန်သည်ကြီးများအသင်းသို့ လက်ကိုင်ဖုန်းအလုံး (၂၀) အသုံး ပြုခွင့် ချပေးလိုက်ပြီး ဆန္ဒပြမှုတွင်ပါဝင်ရန် ဆန်ကုန်သည်ကြီးများအသင်းက စီစဉ်လုပ်ဆောင် ခဲ့သည်။  

“ကုန်စည်ဒိုင်ဥက္ကဋ္ဌ ကိုစိုးမောင်က သုံးလုံးရတယ်။ နောက် ဦးသန်းညွန့်၊ ဦးသန်းလွင်၊ ကိုမျိုးမင်း သူတို့က ပွဲစားတွေပေါ့။ ဖုန်းတွေက အခုလောလောဆယ် အလုံး (၂၀)လောက် ကျပြီးသွားပြီလို့ ပြောတယ်ဗျ။ ဆန္ဒပြတဲ့ လူမှန်သမျှတော့ မရသေးဘူးပေါ့ဗျာ။ ဥက္ကဋ္ဌနဲ့ ပတ်သက်ရာ ပတ်သက် ကြောင်းရှိတဲ့ လူတွေကတော့ အခု အရင်ရတာပေါ့”ဟု ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ကုန်သည်ကြီး များအသင်းနှင့် နီးစပ်သူတဦးက ဆိုသည်။

(GSM)ဖုန်းတလုံး၏ အစိုးရထုတ်ဈေးမှာ (၁၅)သိန်းဖြစ်ပြီး ပါမစ်ရသူများအနေဖြင့် ဆန်ကုန် သည်ကြီးများအသင်းသို့ ရံပုံငွေအဖြစ် (၅)သိန်းထည့်သွင်းရကာ အပြင်ပေါက်ဈေးမှာ ဖုန်းတလုံး လျှင် သိန်းသုံးဆယ်ခန့်ရှိသဖြင့် ပါမစ်ထုတ်ရောင်းသူသည် အသားတင် အမြတ်ငွေ (၈)သိန်း ကျော် ရရှိမည်ဖြစ်ပြီး ဆန်ကုန်သည်အသင်းမှ (၁၇)ဦး ရရှိသွားသည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် ယခုလ (၂၂)ရက်နေ့တွင် ရန်ကုန်မြို့လယ်တွင် မိမိတို့ကြုံတွေ့နေရသည့် စီးပွားရေးနှင့် လူမှုရေးအကျပ်အတည်းများကို ပိုစတာများကိုင်ကာ အေးချမ်းစွာ ဆန္ဒပြသူများကို တည်ဆဲဥပဒေကိုချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးမှုများပြုလုပ်ခဲ့ပြီး သံရုံးများရှေ့ ဆန္ဒပြသူ များကို အရေးမယူသည့်အပြင် ယခုကဲ့သို့ လက်ကိုင်ဖုန်းပါမစ် ခွင့်ပြုခဲ့သည်။  

“ခုရက်ပိုင်း ဆန္ဒပြတဲ့လူတွေကတော့၊ သူတို့က အစိုးရမကြိုက်တဲ့ ဥစ္စာတွေကို သွားပြီးတော့၊ ကုန်ဈေးနှုန်းကြီးတာတို့၊ အခမဲ့ ပညာသင်စရိတ်မရတာတို့၊ နောက်ပြီး ကျန်းမာရေးဝန်ဆောင်မှု အားနည်းတာတို့ ဒါတွေကို တောင်းဆိုတယ်ဆိုတော့ အစိုးရက ဒီလူတွေကို လက်ကိုင်ဖုန်းပေးဖို့ အစီအစဉ် ဘယ်ရှိမလဲဗျာ။ ဖမ်းတယ်ဆီးတယ်တောင် ဖြစ်နေတာပဲ”ဟု အဆိုပါ နီးစပ်သူက သုံးသပ်ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် ပြည်သူများက အနောက်နိုင်ငံများဖြစ်သည့် အမေရိကန်နှင့် ဗြိတိန်အစိုးရ တို့အား ဆန့်ကျင်ကြောင်း လုပ်ကြံဖန်တီးကာ ဆန္ဒပြစေခဲ့ခြင်းဖြစ်ပြီး ကြံ့ဖွံ့နှင့် အမျိုးသမီး ရေးရာအဖွဲ့များပြုလုပ်နေသည့် ပြည်သူ့ဆန္ဒခံယူပွဲဆိုသည်မှာလည်း အစိုးရ၏ လုပ်ကြံဖန်တီး၍ အတင်းအကျပ်စေခိုင်းခဲ့ခြင်းများသာဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org