|
တိုင်းပြည်၏
စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲရေးနှင့် လာဘ်ပေးလာဘ်ယူကိစ္စများ
ဖယ်ရှားရေး စသည့်တောင်းဆိုချက်များကို ကိုင်ဆောင်၍ ရန်ကုန်မြို့တွင်း၌
လှည့်လည်ဆန္ဒပြမှု ယနေ့ညနေ (၃)နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည်။
ယနေ့
ရန်ကုန်မြို့လည်ခေါင် သိမ်ကြီးဈေးမှ ဆူးလေဘုရားတလျှောက်တွင်
ကိုထင်ကျော်နှင့် ကိုမြင့်ရွှေတို့ ဦးဆောင်သော
‘မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုကော်မတီ’(MDC) အဖွဲ့နှင့် ဘေးမှ
ရပ်ကြည့်နေသော အိမ်ရှင်မများ အပါဝင်လိုက်ပါလာကြသော
လူအုပ်(၅၀)ကျော်တို့သည် ညနေ (၃) နာရီခွဲမှ (၄) နာရီအတွင်း
တောင်းဆိုချက် (၁၇)ချက်ပါသော ကြေညာချက်များကို ကိုင်ဆောင်၍
ဆန္ဒပြခဲ့ကြသည်။
MDC အဖွဲ့၏
ယနေ့ထုတ်ပြန်ထားသည့် ကြေညာချက်တွင် ကုန်ဈေးနူန်းများ အဆမတန်ကြီးမြင့်
နေခြင်း၊ လျှပ်စစ်မီးမရခြင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ
ကျောင်းစာမသင်ကြားနိုင်ခြင်း၊ ၀န်ထမ်းများ လာဘ်စားခြင်း၊ ဘွဲ့ရများ
အလုပ်အကိုင်မဲ့နေရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု
လျစ်လျူရှုခံထားရခြင်း စသည်တို့ပါဝင်သည့် အချက် (၁၇)ချက်ကို ထောက်ပြ၍
အချိန်မီပြုပြင် ပေးရန် နအဖစစ်အစိုးရအား တိုက်တွန်းထားသည်။
ဆန္ဒပြသူများသည် သိမ်ကြီးဈေးဘက်မှ ဆူးလေဘုရားဘက်သို့
မဟာဗန္ဓုလလမ်းတလျှောက် ဦးတည်ချီတက်လာပြီး ညနေ (၄) နာရီခန့်တွင်
အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တားဆီး ဖမ်းဆီးခြင်း ခံရပါသည်။
ဘေးမှရပ်ကြည့်သူများပါ ပူးပေါင်းပါဝင်လာခဲ့ကြ၍ အဓိကရုဏ်းနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တားဆီး ပြီး ဆန္ဒပြသူ နှစ်ဦးထက်မနည်းကို ဖမ်းဆီးခဲ့သည်။
၁၉၈၈
ခုနှစ်တွင် မြန်မာတနိုင်ငံလုံး ဒီမိုကရေစီအရေးလှုပ်ရှားမှုများကြောင့်
အာဏာရှင် ဗိုလ်နေဝင်း ပြုတ်ကျသွားခဲ့ပြီးနောက်ပိုင်း
စစ်အာဏာပိုင်များသည် ပြည်သူလူထု၏ ကန့်ကွက် ဆန္ဒပြမှုများကို ရက်စက်စွာ
နှိမ်နင်းလေ့ရှိသောကြောင့် ယခုအခါ အစိုးရဆန့်ကျင်ရေး လူစုများ
နည်းပါးခဲ့သည်။
ပြီးခဲ့သည့် ဇန်န၀ါရီလနှောင်းပိုင်းအတွင်း
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် စစ်အစိုးရအား အရေးယူရန်
မြန်မာ့အရေးအဆိုပြုချက်မူကြမ်း တင်ပြခဲ့သော အမေရိကန်နှင့်
ဗြိတိသျှသံရုံးများ အရှေ့တွင် အစိုးရအလိုတော်ရိအုပ်စုများက
ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင်လည်း
မြန်မာလူမျိုး (၂၅)ဦးခန့်က အမေရိကန်နှင့် ဗြိတိသျှတို့
မြန်မာ့ပြည်တွင်း အရေးကို ၀င်ရောက်မစွက်ဖက်ရန် ဆန္ဒပြခဲ့ကြသည်။
|