|
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ ကညင်ငူကျေးရွာအုပ်စု၊ အုတ်ပုံကျေးရွာတွင်
ကျေးရွာရယက ဥက္ကဋ္ဌအပါအ၀င် (၅)ဦးတို့က ရွာသားမောင်ဉာဏ်လင်းထွန်းကို
မတရားဖမ်းဆီးရိုက်နှက် ခြိမ်းခြောက်ခြင်းပြုလုပ်ခဲ့သည့် အမှုကို
ဟင်္သာတမြို့နယ်တရားရုံးက ယခုလ (၅)ရက်နေ့တွင် စစ်ဆေးလက်ခံခဲ့သည်။
အုတ်ပုံကျေးရွာ ရယကဥက္ကဋ္ဌ ဦးအောင်သန်း၊ ရယကစာရေး ကိုလံကျော်အပါအ၀င်
ကျေးရွာ အာဏာပိုင်
(၅)ဦးသည် အသက် (၁၈)နှစ်အရွယ် အုတ်ပုံကျေးရွာသား မောင်ဉာဏ်လင်းထွန်း
နှင့် မိခင်ဖြစ်သူ ဒေါ်စန်းထွေးကို အကြောင်းမဲ့ဖမ်းဆီးကာ
ထိုးနှက်ခဲ့ပြီး တလုတ္ထော်ရဲစခန်းသို့ ပို့ဆောင်ကာ အရေးယူခိုင်းခဲ့သည်။
ထိုစခန်းတွင်ပင် မောင်ဉာဏ်လင်းထွန်းက
ကျေးရွာအာဏာပိုင်များ
ဝိုင်းဝန်းထိုးနှက်ခြင်း ခံခဲ့ရသည့် ဦးခေါင်းမှ ဖူးရောင်နေသည့် ဒဏ်ရာများကိုပြကာ
အမှုဖွင့်တိုင်ကြားခဲ့ပြီး ဟင်္သာတ မြို့နယ်တရားရုံးသို့ ဥပဒေပုဒ်မ
(၃၂၃)နှင့် ပုဒ်မ (၂၉၄)အရ တရားစွဲဆိုခဲ့ရာ ဒုတိယမြို့နယ် တရားသူကြီးက
လက်ခံခဲ့ခြင်းဖြစ်သည်။
“ဇန်န၀ါရီလထဲမှာပေါ့လေ၊ အုတ်ပုံကျေးရွာ ရယကဥက္ကဋ္ဌ ဦးအောင်သန်းလက်မှတ်နဲ့
ရုံးတံဆိပ် ပါတဲ့ ဆင့်ခေါ်စာပေါ့နော်။ အဲဒီစာက မောင်ဉာဏ်လင်းထွန်းဆီမှာ
ရှိတယ်။ ဆင့်ခေါ်စာကို ဥက္ကဋ္ဌက ရွာကဆယ်အိမ်မှူးရဲ့သား ကိုနိုင်ထွန်းကို
ပြန်ပြီးတောင်းခိုင်းတယ်။ ကိုနိုင်ထွန်းက ဥက္ကဋ္ဌက တောင်းခိုင်းတယ်ဆိုပြီး
အာဏာနဲ့တမျိုးလုံး
ထောင်ချပစ်လိုက်ရမလား၊ ဘာလားနဲ့ ဆဲပြီးတောင်းတာ၊ ဆင့်ခေါ်စာတောင်းတဲ့
ပုံစံမျိုးမဟုတ်ဘူးပေါ့။ အိမ်ထဲမှာ ဒီလိုစော်ကားတာကို မခံနိုင်လို့
မောင်ဉာဏ်လင်းထွန်းက
ဥက္ကဋ္ဌကို တိုင်တဲ့အခါမှာ ဥက္ကဋ္ဌ ဦးအောင်သန်းနဲ့ သူ့စာရေး က သူ့ကိုဖမ်း၊
ကြိုးနဲ့တုတ်ပြီး ၀ိုင်းထိုးတာပဲဗျာ”ဟု မောင်ဉာဏ်လင်းထွန်းတို့
မိသားစုနှင့် နီးစပ်သူက ပြောသည်။
ပုဒ်မ (၃၂၃)
နာကျင်စေရန် အကြံဖြင့်သော်လည်းကောင်း၊ နာကျင်စေတန်ရာသည်ကို သိလျက်
နှင့်သော်လည်းကောင်း ပြုခြင်း၊ ပုဒ်မ (၂၉၄) ညစ်ညမ်းသောစကားကို
ပြောဆိုခြင်း၊ အခြား သူများအား စိတ်ငြိုငြင်ခြင်း စသည့် ဥပဒေပုဒ်မ
(၂)ခုဖြင့် တရားစွဲဆိုခံထားရသည့် အုတ်ပုံ ကျေးရွာ ရယကဥက္ကဋ္ဌ
ဦးအောင်သန်းနှင့် အဖွဲ့ဝင် (၅)ဦးကို ဟင်္သာတမြို့နယ် တရားရုံးက ယခုလ
(၁၃)ရက်နေ့တွင် ရုံးသို့ ဆင့်ခေါ်အသိပေးပြီး ၎င်းတို့ တင်ပြချက်အရ
အာမခံပေးခဲ့သည်၊ အမူကို ယခုလ (၂၃)ရက်၊ သောကြာနေ့တွင်
စတင်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ |