Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာပြည်မှအဖိနှိပ်ခံ ခရစ္စယာန်ကိုယ်စားလှယ်အဖွဲ့ အမေရိကန်ခရီးစဉ်ပြီးဆုံး

 

ဉာဏ်မောင်။ ဖေဖော်ဝါရီ ၁၄၊ ၂၀၀၇

 

မြန်မာပြည်မှ ချင်းနှင့်ကချင် ခရစ္စယာန်ကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ၏ ထိပ်ပိုင်း ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ စစ်အစိုးရ၏ လူနည်းစုခရစ္စယာန်ဘာသာဝင်များအပေါ် အကြမ်းဖက် လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို သွားရောက် ရှင်းလင်းတင်ပြခဲ့သည်။

အင်္ဂလန်နိုင်ငံအခြေစိုက် နိုင်ငံတကာ ခရစ္စယာန်သွေးစည်းညီညွတ်ရေးအသင်းတော်(CSW) ဦးဆောင်သော အဆိုပါအဖွဲ့သည် လန်ဒန်၊ ဘရပ်ဆဲ၊ ဘာလင်သို့လည်း သွားရောက်ခဲ့ပြီး ဝါရှင်တန်ဒီစီသို့ ရောက်ရှိကာ ခရစ်စ္စယာန်ဘာသာဝင်များအပေါ် ကျူးလွန်ခဲ့မှုများကို ရှင်းလင်း တင်ပြခဲ့သည့် တပတ်ကြာအစီအစဉ်မှာ ပြီးခဲ့သည့် တနင်္လာနေ့က ပြီးဆုံးသွားခဲ့သည်။

ဘာသာရေးကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ဘာသာရေးလွတ်လပ်မှု ကော်မရှင်အဖွဲ့နှင့် အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီ ကိုယ်စားလှယ်ဖြစ်သူ အပြည်ပြည် ဆိုင်ရာ ဘာသာရေးလွတ်လပ်မှု သံအမတ်ကြီး မစ္စတာ ဂျွန်ဟမ်းဖို့(John Hamford)နှင့် တွေ့ဆုံ ခဲ့သည်။ ထို့အပြင် အဆိုပါအဖွဲ့သည် အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ နန်စီပဲလိုစီ (Nancy Pelosi)၊ လွှတ်တော်အမတ် ဂျိုးဇက်ပစ်(Joseph Pitts)နှင့် အခြားလွှတ်တော်အမတ်များ ကိုလည်း တွေ့ဆုံခဲ့သည်။

 “ဒီခရီးစဉ်ဟာ မြန်မာပြည်က ချင်း၊ ကချင်ပြည်သူတွေရဲ့ ဆိုးဝါးတဲ့ ဒုက္ခတွေကို နိုင်ငံတကာက နားလည်သဘောပေါက်ဖို့ မှတ်တမ်းဝင်တဲ့ သက်သေအထောက်အထားတွေကို တင်ပြနိုင်တဲ့ အတွက် နိုင်ငံတကာခေါင်းဆောင်တွေရဲ့ အာရုံစူးစိုက်ခံရပြီး  နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာပြည်သူအားလုံးရဲ့ ဒုက္ခတွေကို အဆုံးသတ်စေဖို့ တွန်းအားပေးနိုင်ခဲ့ပါတယ်”ဟု  ဘင်နက်ဒစ်ရော်ဂျာ(စ်) (Benedict Rogers)က ပြောသည်။

(CSW)နှင့် ပူးပေါင်းတင်ပြခဲ့သည့် အစီရင်ခံစာတွင် စစ်အစိုးရက လက်ဝါးကပ်တိုင်နှင့် ခရစ္စယာန်ဘုရားရှိခိုးကျောင်းများကို ဖြိုဖျက်၍ ဗုဒ္ဓဘာသာဘုရားနှင့် ဆင်းတုတော်များဖြင့် အစားထိုး တည်ဆောက်ခဲ့ခြင်း၊ ချင်းနှင့်ကချင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်ခြင်း၊ ခရစ္စယာန်ဘာသာ မိသားစုဝင်ကလေးများအား ဘုန်ကြီးကျောင်းများသို့ ခေါ်ဆောင်ကာ ကိုရင်ဝတ်စေခြင်း၊ ဗုဒ္ဓဘာသာရေးအလှူငွေအတွက် ခရစ္စယာန်ဘာသာဝင်များအား အတင်း အကြပ် ငွေကြေးကောက်ခံခြင်း စသည်တို့ကို ဖော်ပြထားသည်။

ယခုလ (၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အနောက်နိုင်ငံကြီးအချို့က မြန်မာ့ ပြည်တွင်းရေးကို ၀င်ရောက်နှောင့်ယှက်ရန် ဘာသာရေးကိုခုတုံးလုပ်ကာ ကြိုးပမ်းဆောင်ရွက်မှု များသည် မှားယွင်းနေပြီး (CSW)၏အစီရင်ခံစာသည် မှားယွင်းကာ မြန်မာနိုင်ငံတွင် ဘာသာ အားလုံး လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုခွင့်ရှိသည်ဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံအတွင်းမှ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်နှင့် ရန်ကုန်ကလျာဏယုဝခရစ္စယာန်အသင်း(YMCA) တို့ကလည်း အဆိုပါအစီခံစာကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်များကိုလည်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

 “ကျွန်တော်တို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အစိုးရရဲ့ ဘာသာရေးလွတ်လပ်ခွင့်အပေါ် အကြမ်းဖက် နှိမ်နှင်းနေမှုတွေ၊ စစ်ပွဲသုံးလက်နက်ကို သုံးပြီး မုဒိန်းကျင့်နေမှုတွေ၊ လူမပီသပဲ ပြုကျင့်နေတဲ့ ရာဇ၀တ်မှုတွေအပါအ၀င် မွေးရာပါ လူ့အခွင့်အရေးတွေ အကြမ်းဖက် ချိုးဖောက် နေမှုကို ထင်ရှားလာနိုင်အောင် ကျွန်တော်တို့အားလုံး ဆက်ပြီးလုပ်ကြမှာပါ”ဟု ရော်ဂျာ(စ်)က သုံးသပ်တင်ပြခဲ့သည်။

ယခု ကမ္ဘာအနှံ့သွားရောက်ခဲ့သည့် ဘာသာရေးကိုယ်စားလှယ်အဖွဲ့တွင် ထိုင်းနိုင်ငံမှ ကချင် အမျိုးသမီးများအဖွဲ့၊ ချင်းဒေသအမျိုးသမီးအဖွဲ့ချုပ်နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org